မဟာဗန္ဓုလပန်းခြံရှိ ရေပန်းကန်အတွင်း အမူးသမားများနှင့် ကလေးများဆင်းပြီး ပျော်ပါးမှုကြောင့် ရေပန်းများပျက်စီး


မဟာဗန္ဓုလပန်းခြံရှိ ရေပန်းကန်များအတွင်း အမူးသမားများနှင့် ကလေးများဆင်းပြီး ပျော်ပါးမှုကြောင့် ကန်အတွင်းရှိ အလှမွေးငါးများ သေဆုံး၍ ရေပန်းများ ပျက်စီးခဲ့ကြောင်း ဗန္ဓုလပန်းခြံသန့်ရှင်းရေးနှင့် သာယာလှပရေး တာဝန်ခံထံမှ သိရသည်။


‘ကန်က တော်တော်လေးကို ပျက်စီးသွားပြီ။ ဘယ်လောက်ပဲပျော်ပျော် စည်းကမ်းတော့ ရှိသင့်တာပေါ့ဗျာ။ အခုတော့ အများပိုင်ပစ္စည်းတွေ အကုန်ပျက်စီးသွားပြီ။ ရေတွေလည်းနောက်။ ရေပန်းတွေလည်းကျိုး၊ ငါးတွေလည်းသေကုန်တယ်’ဟု ၎င်းက ပြောသည်။


အဆိုပါ ရေကန်သည် ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ်နှင့်နီးသောကြောင့် လူစည်ကားလျက်ရှိပြီး မဏ္ဍပ်ခေတ္တနားချိန်တွင် ရေကန်ထဲသို့ အမူးသမားများနှင့် ကလေးများတွင် ၀င်ရောက်ကစားခဲ့သောကြောင့် ယခုကဲ့သို့ ပျက်စီးသွားခဲ့ရခြင်းဖြစ်ပြီး ရေကန်တွင်းရှိ အလှမွေးငါးများနှင့် ရေညှိများကြောင့် ရေဆင်းကစားသူများ ယားယံမှုနှင့် အဖုအပိန့်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။


‘အဒေါ်လည်းမသိဘူး။ သူတို့ရေသွားဆော့မယ်ဆိုလို့ လွှတ်လိုက်တာ ပြန်တက်လာတော့ ကလေးကယားတယ်ဆိုပြီး ကုပ်ခိုင်းနေတော့တာပဲ၊ သန့်တဲ့ရေနဲ့ချိုးပေးလိုက်တော့မှ သက်သာသွားတယ်။ တကိုယ်လုံးလည်း အဖုအပိန့်တွေချည်းပဲ” ကလေးမိခင်တဦးကပြောသည်။

အဆိုပါ ရေပန်းကန်အတွင်းရှိ ရေများကို ရေစုပ်စက်များဖြင့် ထုတ်ပစ်ပြီး သင်္ကြန်ကာလလွန်မှသာ ရေပန်းများကို ပြန်လည်ပြု ပြင်၍ အလှမွေးငါးများ ထည့်မည်ဖြစ်ကြောင်း သိရသည်။

ဝေယံ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
မဟာဗန္ဓုလပန်းခြံရှိ ရေပန်းကန်အတွင်း အမူးသမားများနှင့် ကလေးများဆင်းပြီး ပျော်ပါးမှုကြောင့် ရေပန်းများပျက်စီး မဟာဗန္ဓုလပန်းခြံရှိ ရေပန်းကန်အတွင်း အမူးသမားများနှင့် ကလေးများဆင်းပြီး ပျော်ပါးမှုကြောင့် ရေပန်းများပျက်စီး Reviewed by THITHTOOLWIN on 17:33 Rating: 5
Powered by Blogger.