နောက်ဆက်တွဲ ငလျင်လှုပ်နိုင်

ငလျင်အတွင်း ဒဏ်ရာ ရသူကို အိန္ဒိယ ဆေးရုံ တစ်ခုမှာ ကူညီနေစဉ် (Credit: AFP) 
မြန်မာနိုင်ငံ ​အနောက်မြောက်ပိုင်းမှာ ​ဗဟိုပြု ​လှုပ်ခတ်သွားတဲ့ ​အင်အားပြင်း ​ငလျင်ကြောင့် ​ဒဏ်ရရှိကြသလို ​အဲဒီလို ​အင်အားပြင်းတဲ့ ​ငလျင် ​လှုပ်ခတ်ပြီးရင် ​နောက်ဆက်တွဲ ​ငလျင်တွေလည်း ​လှုပ်ခတ်လေ့ ​ရှိတယ်လို့ ​သိရပါတယ်။

အမေရိကန်နိုင်ငံ ​ငလျင်တိုင်းထွာရေး ​အဖွဲ့ရဲ့ ​အဆိုအရ ​၆.၉ ​ပြင်းအားလောက် ​ရှိတဲ့ ​ငလျင်က ​မနေ့ည ​၈ ​နာရီ ​၂၅ ​မိနစ်လောက်တုန်းက ​ရေဦး၊ ​ကန့်ဘလူမြို့ ​အနောက်ဖက် ​၇၀ ​ကီလိုမီတာအကွာ၊ ​ချင်းတွင်းမြစ်ကမ်း ​အနီးတဝိုက်မှာ ​ဗဟိုပြု ​လှုတ်ခတ်ခဲ့တယ်လို့ ​ဆိုပါတယ်။

ငလျင်နဲ့ ​အနီးဆုံးကတော့ ​ပြင်ကိုင်း၊ ​သက်ကယ်ကျင်းနဲ့ ​ဘုံမဇင်းရွာတွေ ​ဖြစ်ကြတယ်လို့လည်း ​သိရပါတယ်။

အဲဒီ ​ငလျင်ရဲ့ ​ဒဏ်ကို ​မြန်မာနိုင်ငံ ​တခုလုံးအပြင် ​အိန္ဒိယ၊ ​ဘင်္ဂလားဒေ့ရှ်နဲ့ ​နီပေါနိုင်ငံတို့မှာလည်း ​ခံစားခဲ့ကြရပါတယ်။

အိန္ဒိယနဲ့ ​ဘင်္ဂလားဒေ့ရှ်မှာ ​ပျက်စီးမှုတွေနဲ့ ​ဒဏ်ရာ ​ရရှိမှုတွေ ​အနည်းငယ် ​ရှိခဲ့ပေမယ့် ​မြန်မာနိုင်ငံရဲ့ ​အခြေအနေကိုတော့ ​အတိအကျ ​မသိရသေးပါဘူး။

ဒါပေမဲ့ ​စစ်ကိုင်းတိုင်း ​ဆားလင်းကြီးမြို့နယ် ​ဝါးတန်းကျေးရွာက ​သတ္တမဗောဓိ ​ဆုတောင်းပြည့် ​စေတီတော် ​စိန်ဖူးတော် ​မြေခခဲ့ရသလို ​မုံရွာခရိုင် ​ချောင်းဦးမြို့နယ် ​တောကျောင်းကြီးကျေးရွာ ​ရွှေဂူကြီး ​ဘုရားဝန်းအတွင်းက ​အရန်စေတီ ​၃ ​ဆူထဲက ​ဥာဏ်တော်အမြင့် ​၄၂ ​တောင်ရှိတဲ့ ​အရှေ့စေတီရဲ့ ​စိန်ဖူးတော် ​မြေခခဲ့ရတယ်လို့ ​ကနဦး ​သတင်းအရ ​သိရကြောင်း ​မြန်မာ့ပြန်ကြားရေး ​ဝန်ကြီးဌာန ​သတင်းအရ ​သိရပါတယ်။

မြန်မာနိုင်ငံမှာ ​ဗဟိုပြု ​လှုပ်ခတ်ခဲ့တဲ့ ​နေရာ ​တဝိုက်မှာ ​လူနေထူထပ်မှု ​မရှိသလို ​တိုက်အိမ်အမြင့်တွေလည်း ​မရှိတဲ့အတွက် ​ပျက်စီးမှုတွေ ​များလိမ့်မယ်လို့ ​မယူဆကြပါဘူး။

ရန်ကုန်မြို့က ​တိုက်မြင့်ပေါ်မှာ ​နေထိုင်တဲ့ ​လူတချို့ကတော့ ​စိုးရိမ်ခဲ့ရတယ်လို့ ​ပြောဆိုနေကြပါတယ်။

ဘင်္ဂလားဒေ့ရှ် ​နိုင်ငံ ​ဒါကာ ​မြို့မှာ ​လူအယောက် ​၅၀ ​လောက် ​ဒဏ်ရာ ​ရရှိခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
နောက်ဆက်တွဲ ငလျင်လှုပ်နိုင်  နောက်ဆက်တွဲ ငလျင်လှုပ်နိုင် Reviewed by THITHTOOLWIN on 09:03 Rating: 5
Powered by Blogger.