မဟာသင်္ကြန်ကာလအတွင်း ကြိုတင်ယာဉ်လက်မှတ်ခများ ပိုမိုကောက်ခံခြင်းကြောင့် ခရီးသွားတို့ အခက်အခဲရှိနေသေး


ရန်ကုန် ဧပြီ ၃

ပြည်သူတို့ မဟာသင်္ကြန်ကာလ နေရပ်ဒေသသို့ပြန်ရာ၌ ကားထိုင်ခုံ နေရာ အခက်အခဲကြုံတွေ့ရ တတ်သောကြောင့် ကြိုတင် လက်မှတ်များ စတင်ဝယ်ယူလျက် ရှိရာ ဒဂုံ-ဧရာအဝေးပြေး ဧရာ ဝတီမြစ်ဝကျွန်းပေါ် ဒေသသို့ ပို့ဆောင်ပေးလျက်ရှိသော ခရီးသွား ပို့ဆောင်ရေးလုပ်ငန်းမှ ယာဉ်လိုင်း အချို့သတ်မှတ်ဈေးနှုန်းထက် ပို၍ တောင်းခံသည့်အတွက် ခရီးသွား ပြည်သူတို့ မကျေနပ်မှုများဖြစ်ပေါ် လျက်ရှိကြောင်း သိရသည်။

''ဒီနေ့ ဒဂုံ-ဧရာအဝေးပြေးက လပွတ္တာကို ပြေးဆွဲနေတဲ့ မှန်လုံ ယာဉ်လိုင်းမှာ လက်မှတ်ဝယ်တော့ အရင်က ငွေကျပ် ၆ဝဝဝ ပေးရတဲ့ ခရီးကို ငွေကျပ် ၁ဝဝဝဝ တောင်း တယ်။ သင်္ကြန်ကာလမို့ ဈေး တက်တာလို့ ပြောတယ်။ ယာဉ် စီးခတွေ ဈေးတက်မယ်ဆိုရင် ပြည်သူတွေသိအောင် သတင်းစာက ကြေညာတတ်တာကို ကျွန်တော် တို့ပြည်သူတွေ သိထားတယ်။ အားလုံးပြောင်းလဲမှုကို စနေပြီ ဆိုတာ ကျွန်တော်တို့ စက်ရုံ အလုပ်သမားတွေသိတယ်။ သူတို့ မသိဘူးလား။ အရင်လိုပဲ လုပ်နေ တာလား။ ဓာတ်ဆီ ဈေးတက်လို့ လက်မှတ်ခ ဈေးတက်တာလား။ ပြည်သူတွေအနေနဲ့ သိချင်တယ်'' ဟု စက်ရုံအလုပ်သမားဖြစ်သော ကိုဇေယျာက ပြောသည်။

ဧပြီ ၂ ရက်မှစ၍ ဒဂုံ-ဧရာအဝေးပြး ယာဉ်ရပ်နားစခန်းရှိ ရန်ကုန်- လပွတ္တာသို့ ပြေးဆွဲနေ သည့် ချမ်းမြေ့အေး လက်မှတ် အရောင်းဌာနမှ ပုံမှန် ၆ဝဝဝ ကျပ် ခရီးကို ငွေကျပ် ၁ဝဝဝဝ ယူသည့် အတွက် ကြိုတင်လက်မှတ်ဝယ် ယူသော ခရီးသွားပြည်သူအချို့၏မကျေနပ်သံများ ထွက်ပေါ်လာ ခြင်းဖြစ်ပြီး ကျန်သောဂိတ်များမှ သင်္ကြန်ကာလအတွက် ကြိုတင် လက်မှတ်ရောင်းချမှုကို ဧပြီ ၃ ရက်တွင် စတင်ရောင်းချပေးမည် ဟု သိရသည်။

''ကျွန်မတို့က ၁၁ ရက်နေ့ အတွက် လပွတ္တာကို ဒီနေ့လက်မှတ် ဝယ်တာ ငွေကျပ် ၆ဝဝဝ ခရီးကို ငွေကျပ် ၁ဝဝဝဝ ပေးရတော့ ကျပ် ၄ဝဝဝ ကွာနေတယ်။ ဒါဟာ တစ်နေ့ စက်ရုံဆင်းစရိတ်နဲ့ညီတယ်။ ကျပ် ၁ဝဝဝ လောက်တက်ရင် မပြော ပါဘူး။ မပြန်မဖြစ်လို့သာ ပြန်ရတာ သင်္ကြန်ရောက်တိုင်း ကုန်ဈေးနှုန်း တက်တာ၊ ကားခတွေ ဈေးကြီးတာ တွေပြောင်းလဲ သင့်ပါပြီ။ လက်မှတ် ခတွေဈေးတက်မယ်ဆိုတာ ဘယ် သတင်းစာ၊ စာစောင်မှလည်းပြော ထားတာ မတွေ့ရဘူး။ ပြည်သူ တွေအတွက် တားဆီးပေးစေချင် တယ်''ဟု မသီတာက ပြောသည်။

ရန်ကုန်မြို့၏ အဝေးပြေး ယာဉ်ရပ်နားစခန်းတွင် ပြေးဆွဲ နေသော ခရီးသွားပို့ဆောင်ရေး လုပ်ငန်းမှ ယာဉ်လိုင်းအချို့သည် သတ်မှတ်ပြဋ္ဌာန်းထားသော စည်း ကမ်းများကိုလိုက်နာမှု အားနည်း ခြင်း၊ ခရီးသွားပြည်သူတို့အပေါ် ဆက်ဆံရာတွင် လေးစားမှုမရှိ ခြင်းတို့ကြောင့် ယာဉ်လိုင်းအချို့ နာမည်တွင်လျက် ရှိသော်လည်း အရေးယူဆောင်ရွက်မှု အားနည်း သည့်အတွက် အဝေးပြေးယာဉ် လိုင်းများ တိုးတက်လာမှုနှောင့်နှေး နေခြင်းဖြစ်ကြောင်း အဝေးပြေး ယာဉ်မောင်းတစ်ဦးကလည်း မှတ် ချက်ပြုပြောကြားသည်။

သန်းထိုက်
(လှိုင်သာယာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မဟာသင်္ကြန်ကာလအတွင်း ကြိုတင်ယာဉ်လက်မှတ်ခများ ပိုမိုကောက်ခံခြင်းကြောင့် ခရီးသွားတို့ အခက်အခဲရှိနေသေး  မဟာသင်္ကြန်ကာလအတွင်း ကြိုတင်ယာဉ်လက်မှတ်ခများ ပိုမိုကောက်ခံခြင်းကြောင့် ခရီးသွားတို့ အခက်အခဲရှိနေသေး Reviewed by THITHTOOLWIN on 09:32 Rating: 5
Powered by Blogger.