သံချပ်စာသားများ ကြိုတင်စိစစ်မည်ဆိုခြင်းကြောင့် မန်းသင်္ကြန်သံချပ်ပြိုင်ပွဲ ဝေဖန်မှုများထွက်ပေါ်


မန္တလေး မတ် ၃၁

အစိုးရသစ်လက်ထက် ၂ဝ၁၆ ခုနှစ် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်တွင် မန္တလေးမြို့ မြို့တော်ဝန်မဟာသင်္ကြန် မဏ္ဍပ်မှ သံချပ်ပြိုင်ပွဲကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

သံချပ်ပြိုင်ပွဲသို့ ပြိုင်ပွဲဝင်မည့် သင်္ကြန်သံချပ် အဖွဲ့များအနေဖြင့် ပြိုင်ပွဲဝင်လူအင်အားစာရင်း၊ ပြိုင်ပွဲဝင်မည့် သံချပ်စာသားများအား ကြိုတင်စိစစ်ခွင့်ပြုမည်ဖြစ်ရာ ထိုသို့ သံချပ်စာသားများအား ကြိုတင်စိစစ်ခြင်းအား ဝေဖန်မှုများရှိနေကြောင်း သိရသည်။

''ဆင်ဆာကန့်သတ်မှုတွေ မပါရင် ကောင်းပါတယ်။ အလားတူ ဖော်လံဖားတာတွေ ဆုမပေးဖို့လည်းလိုပါတယ်။ ဆင်ဆာမရှိရဆိုငြား ဘာသာရေး၊ လူမျိုးရေးကိုပြဿနာဖြစ်စေတာမျိုး မပါဖို့တော့လိုပါတယ်'' ဟု စာရေးဆရာ ဆူးငှက်ကပြောသည်။

သံချပ်ပြိုင်ပွဲဝင်သူများသည် ယခု နှစ် သံချပ်ပြိုင်ပွဲတွင် ပွင့်လင်းမြင်သာစွာ သံချပ်ထိုးခွင့်ရရန် မျှော်လင့်ချက် ရှိနေကြသည်။ သံချပ်သည် ခေတ်စနစ် ခေတ်ကာလကို ထောက်ပြပြောဆို တင်ပြသည်ဖြစ်ရာ ပြိုင်ပွဲဝင်မည့်စာသားများအား ကြိုတင်ခွင့်ပြုချက်တောင်းရန်မလိုဘဲ လွတ်လပ်စွာ ပါဝင်ယှဉ်ပြိုင်နိုင်ရန် စီစဉ်ပေးသင့်ကြောင်း စာရေးဆရာ လွတ်လပ်ငြိမ်းက ယခုကဲ့သို့ပြောသည်။

''အခုလိုပြိုင်ပွဲကျင်းပပေးတာ ကောင်းပါတယ်ဗျာ။ သံချပ်ဆိုတာ ခေတ်စနစ်၊ ပြည်သူ၊ အုပ်ချုပ်သူ၊ ဒေသ၊ ဌာနဆိုင်ရာ အဲဒီကိစ္စအဝဝတွေရဲ့ မူလရည်ရွယ်ချက်နဲ့ ဖီဆန်နေတဲ့ အဖြစ်အပျက်တွေကို စကားလုံးနဲ့ သရုပ် ဆောင်နဲ့ တေးသီချင်း သီဆိုပြောဆို တင်ဆက်ပြသတာဟာ သံချပ်ရဲ့စရိုက်လက္ခဏာပဲ။ သံချပ်စာသားတွေကို ကြိုတင် စိစစ်ခွင့်ပြုပေးဖို့ တင်ပြရတာကိုတော့ သဘောမကျဘူး။ လွတ်လပ်စွာယှဉ်ပြိုင်ခွင့်ပေးရင် ပိုပြီးထိရောက်မယ်''။

မန္တလေးသင်္ကြန်မဏ္ဍပ်များမှ မန်းပျိုဖြူများ၏ အတာသင်္ကြန်ဆင်နွှဲကြပုံများနှင့်အတူ နိုင်ငံကျော်အဆိုတော် များ၏ သီဆိုကခုန်မှုများကလည်း မန်းသင်္ကြန်တွင် ပျော်ရွှင်စွာ ဆင်နွှဲကြရသည်ဖြစ်သည်။ မန္တလေးသင်္ကြန်သည် ရေကစားရုံသက်သက်မျှမဟုတ်ဘဲ အလှပြယာဉ်များဖြင့် တင့်တယ်သကဲ့သို့ သံချပ်သည်လည်း သင်္ကြန်၏အနှစ်သာရ တစ်ခုပင်ဖြစ်သည်။

''ကျွန်တော်တို့ ငယ်ငယ်တုန်းက ဆိုခဲ့ရတဲ့ သံချပ်တွေ ဆိုတာ ခေတ်ကာလကို ထင်ဟပ်နေပါတယ်။ အစိုးရ၊ ကုန်ဈေးနှုန်း၊ ပညာရေး၊ ကျန်းမာရေး အကုန်ပါတယ်။ ပြည်သူလူထုရဲ့ အသံတွေ၊ ရင်ဖွင့်သံတွေကို သံချပ်ကလေး တွေထိုးပြီး အစိုးရသိအောင် ပြောကြတာပါ။ ပြည်သူ့ အသံကို နားထောင်တဲ့အစိုးရဆိုရင် သံချပ်ထိုးတဲ့ အသံတွေကို နားထောင်ပြီး ပြုပြင်သင့်တာတွေကို သိစေတဲ့အတွက် ရှေးတုန်းကဆို တော်တော်လေးကို ထိရောက်တဲ့ ပြည်သူ့အသံပါ။ ငယ်ဘဝမှာ သင်္ကြန်ဆိုတာ ရေကစား တာတင်မဟုတ်ဘဲ သံချပ်သံလေးတွေနဲ့မှ ပျော်စရာပါ''ဟု ကုမ္ပဏီဝန်ထမ်း ကိုနေလင်းအောင်က ပြောသည်။

ယခင်အစိုးရလက်ထက်တွင် သင်္ကြန်သံချပ်ကားဖြင့် လှည့်လည်ကာ သံချပ်တိုင်ရာတွင် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပြီး သံချပ်တိုင်သည့် စာသားများကိုလည်း ဆင်ဆာဖြတ်တောက်ကြောင်း တော်ရိလျော်ရိ သင်္ကြန် သံချပ်အဖွဲ့တွင်ပါဝင်သူ ကဗျာဆရာ ကိုမင်းနဒီခက ပြောသည်။ တော်ရိလျော်ရိ သင်္ကြန်သံချပ်အဖွဲ့သည် ယခု နှစ်တွင် သံချပ်ကားထွက်ရှိရန် မသေချာကြောင်းသိရသည်။

''အခက်အခဲတွေကတော့ အများကြီးပေါ့အစ်ကို။ အဲဒီနှစ်က ကျွန်တော်တို့အားလုံး အရဲစွန့်စီစဉ်ခဲ့ကြရတာ။ သံချပ်ထွက်ဖို့တင်ထားတဲ့ ခွင့်ပြုမိန့်က ကျ/မကျ မသိရ သေးဘူး။ ကျွန်တော်တို့က သံချပ်ကားအတွက် အလှတွေ ဆင်နေကြပြီ။ စရန်ငွေတွေ ပေးနေကြပြီ။ စပွန်စာဆိုတာ ဘယ်နေမှန်းမသိခင် အဖွဲ့ဝင်တွေဆီက တစ်ယောက် နှစ်သောင်းခွဲစီစုပြီး ငွေသွင်းထားရတယ်။ ဦးဆောင်သူ တွေက ဆရာ စိုးအောင်(မန္တလေး)၊ ကိုစိုးဘားဒိုင်၊ ကိုသာဇော်၊ ဆရာရွှေနောင်ရိုး၊ ဆရာဆန်းဝင်းရှိန်၊ ဆရာ ခင်အောင်ဝင့်၊ မောင်နိုင်လင်း(ကောလင်း)နဲ့ ကျွန်တော်ပေါ့။ နောက်အခက်အခဲက သံချပ်တိုက်ဖို့နေရာ။ အဲဒါ ကတော့ ကိုသာဇော့်အကူအညီနဲ့ ထန်းတပင်ဘုန်းကြီး ကျောင်းရှေ့က ဓမ္မာရုံလေးမှာ သံချပ်တိုက်ခွင့်ရခဲ့ပါတယ်။ တကယ်တမ်းသံချပ်တိုက်ပြီး အဆင်သင့်ဖြစ်တဲ့အထိ ခွင့်ပြုမိန့်က မကျသေးလို့ ဆရာစိုးအောင်နဲ့ ဆရာစိုးဘား ဒိုင်တို့ နေပူပူကြီးထဲမှာ အသည်းအသန်ကြိုးပမ်းခဲ့ကြရ ပါတယ်။ သင်္ကြန်အကြိုနေ့မတိုင်ခင်အထိ သံချပ်စာသား တွေ ဖြုတ်ခိုင်းလို့ ဖြုတ်လိုက်တပ်လိုက်၊ သံချပ်ပြန်တိုက် လိုက်နဲ့ ပထမဆုံးအကြိမ်လည်း ဖြစ်တယ်ဆိုတော့ တော်တော်ခက်ခဲပင်ပန်းခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ ဘယ်တော့မှ မမေ့နိုင်သလို သင်္ကြန်ရောက်တိုင်း သံချပ် ထွက်တိုင်ချင်နေတုန်းပါပဲ။ မန္တလေးသင်္ကြန်ဟာ သံချပ်ကားနဲ့ အလှပြယာဉ်တွေနဲ့မှ လိုက်ဖက်တင့်တယ်တာပါ။ မန္တလေးသင်္ကြန်နဲ့ သံချပ်ဟာ ကင်းကွာလို့ မရစကောင်း တာမို့ သံချပ်အသင်းတွေ၊ သံချပ်ကားတွေ၊ သံချပ်ပြိုင်ပွဲတွေ နှစ်တိုင်းဖြစ်စေချင်ပါတယ်။ ဒီနှစ်မှာ မလုပ်နိုင်ပေမယ့် နောက်လာမယ့် နှစ်တွေမှာ လုပ်ဖြစ်အောင် ကြိုးစားပါဦး မယ်။ တော်ရိလျော်ရိကို ပြန်အသက်ဝင်စေချင်ပါတယ်။ တော်ရိလျော်ရိ သံချပ်အသင်းနဲ့ သံချပ်ကားကို ပြန်မြင် တွေ့ချင်မိပါတယ်။''

သင်္ကြန်သံချပ်အဖွဲ့ဖွဲ့စည်းရန်နှင့် သင်္ကြန်သံချပ်ကား ထွက်ရန် ရန်ပုံငွေလိုအပ်ပြီး ကူညီပံ့ပိုးမှုများမရှိပါက ပြင်ဆင်ရာတွင် အခက်အခဲရှိနိုင်ကြောင်း သိရသည်။

''ပြိုင်ပွဲခေါ်ပေမယ့် ပံ့ပိုးမှုမရှိတော့ သံချပ်အသင်းတွေ အသံမကြားရဘူး။ သံချပ်ထွက်ချင်တယ်၊ တိုင်ချင်တယ်။ ကိုယ်ဖြစ်ချင်တဲ့အစိုးရဖြစ်တာနဲ့ တချို့က သံချပ်မလုပ် ချင်ကြပါဘူး။

''တကယ်တော့ ဘယ်အစိုးရတက်တက် လိုအပ်ချက် တော့ရှိနေမှာပဲမဟုတ်လား။ ကိုယ့်အစိုးရမို့ ပြည့်စုံပြီ ထင်နေကြလား။ ပြည်သူတွေ စည်းကမ်းပျက်၊ ယဉ်ကျေးမှု ပျက်၊ အစိုးရဝန်ထမ်းပျက် လာဘ်ပေးလာဘ်ယူတွေ။ အထက်ဖား အောက်စားတွေ ဝေဖန်စရာတွေ အများကြီးပါ။ ရေးစရာတွေအပုံကြီးပါ။ ထွက်ချင်ပါတယ်။ ပံ့ပိုးမှုရှိရင် ထွက်ချင်ပါတယ်''ဟု ကာတွန်းဆရာ ခင်မောင်တင့်က ပြောသည်။

မန္တလေးမြို့တော်ဝန်မဏ္ဍပ်မှ ကျင်းပမည့် သံချပ်ပြိုင်ပွဲ သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် သံချပ်အဖွဲ့များသည် ပြိုင်ပွဲ ဝင်သူ အင်အားစာရင်း၊ ပြိုင်ပွဲဝင်မည့် သံချပ်စာသားများကို ကြိုတင်စိစစ်ခွင့်ပြုချက်ပေးနိုင်ရန်အတွက် တိုင်းဦးစီးမှူး၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ဌာနမှူး ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာန၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသို့ ဧပြီ ၄ ရက် ညနေ ၄ နာရီ နောက်ဆုံးထားကာ အရောက်ပေးပို့ ရမည်ဖြစ်ကြောင်း သိရသည်။

The Mirror Daily
https://www.facebook.com/TheMirrorDaily
သံချပ်စာသားများ ကြိုတင်စိစစ်မည်ဆိုခြင်းကြောင့် မန်းသင်္ကြန်သံချပ်ပြိုင်ပွဲ ဝေဖန်မှုများထွက်ပေါ်  သံချပ်စာသားများ ကြိုတင်စိစစ်မည်ဆိုခြင်းကြောင့် မန်းသင်္ကြန်သံချပ်ပြိုင်ပွဲ ဝေဖန်မှုများထွက်ပေါ် Reviewed by THITHTOOLWIN on 08:38 Rating: 5
Powered by Blogger.