(၅) နှစ် အရွယ် မိန်းကလေးတစ်ဦးကို လိင်ပိုင်ဆိုင်ရာကျူးလွန်ရန် ကြံစည်သူမြောက်ဦးတွင် ဖမ်းဆီးခံရ

(ဓာတ်ပုံ- Tin Oo Maung Facebook)
ရန်ကုန်၊ ဧပြီ ၁ ရက်

ရခိုင်ပြည်နယ် မြောက်ဦးမြို့၊ ဝသဲရပ်ကွက်မှ အသက် (၅) နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးအား ဖျားယောင်း သွေးဆောင်ကာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ရန် ကြံစည်မှု စွဲချက်ဖြင့် စစ်သား တစ်ဦးကို ဒေသခံ ပြည်သူများက ဖမ်းဆီးကာ ရဲလက်ကို အပ်လိုက်သည်ဟု သတင်း ရရှိသည်။

“ မှတ်ပါတယ် ခင်ဗျား။ မတ်လ ၃၁ရက်နေ့ ည ၈ နာရီခန့်မှာ မြောက်ဦးမြို့ ၀သဲရပ်ကွက်မှာ နေထိုင်နေကြတဲ့ ( ဘ ) ဦးရွှေကျော်ရဲ့ သမီး အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို စစ်တွေ အခြေစိုက် ထ.ပ.ရ (၈၂၈) တပ်သား ထွန်းလှိုင် ( ကိုယ်ပိုင်အမှတ် တ/၄၃၈၄၉၇ ) ကနေ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ဖို့ ကြိုးစားတဲ့ မှုခင်း တစ်ခု ပေါ်ပေါက်ခဲ့ပါတယ်” ဟု မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ အမည် မဖော်လိုသူ တာဝန်ရှိသူ တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။

၎င်းမိန်းခလေး အမည်မှာ မစုစုစံ အသက် (၅ ) နှစ်ဖြစ်ကြောင်း၊ မြောက်ဦးမြို့ရှိ ဇိနမာရ်အောင် ဘုရား တောင်ခြေရင်း၌ ကစားနေစဉ် အတွင်း ည ၈ နာရီခန့်က ပျောက်ဆုံးသွားခဲ့ကြောင်း၊ ညနေ ၉ နာရီ ၃၀ မိနစ် ပတ်ဝန်းကျင်လောက်တွင် ဇိနမာရ်အောင် ဘုရားတောင်ပေါ်မှ အော်သံကြားကြောင်း၊ ရွာသူ/သားများ လိုက်လံရှာဖွေရာမှ ကျူးလွန်ရန် ကြံစည် ကြိုးစား အားထုတ်နေမှုကို တွေ့ရှိရရာမှ ဖမ်းဆီးပြီး ရဲလက်ကို အပ်နှံလိုက်ကြောင်း ပြောကြားသည်။

အဆိုပါ မိန်းကလေး၏ ပါးပြင်တွင် လက်သည်း ခြစ်ရာများနှင့် ဒဏ်ရာ အချို့ တွေ့ရပြီး ကြောက်စိတ် ၀င်နေသည်ဟု ဆိုသည်။ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ရှိမရှိ သက်ဆိုင်ရာက မြောက်ဦးမြို့ ဆရာဝန်ကြီးက ဆေးစစ်မှုများ ပြုလုပ်နေသည်ဟု သိရသည်။

တပ်သားထွန်းလှိုင်အား မြောက်ဦးမြို့မ ရဲစခန်းမှ အမှုအမှတ် (ပ) ၃၅/၂၀၁၆၊ ပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတာဝန်ရှိသူက ပြောသည်။

ယနေ့ ဧပြီ ၁ ရက်နေ့အထိ မြို့နယ်ရဲစခန်းသို့ သက်ဆိုင်ရာ တပ်ရင်းမှူးများ ရောက်ရှိနေပြီး ဒေသခံများမှ ပြစ်မှုကို ဖျောက်ဖျက် ပစ်မည်ကို စိုးရိမ်နေကြသည်ဟု ဆိုသည်။

လွန်ခဲ့သော မတ်လ ၁၀ ရက်နေ့ကလည်း စစ်တွေမြို့မှ အရွယ်မရောက်သေးသည့် မိန်းကလေးနှစ်ဦးအား အဓမ္မပြုကျင့်ခဲ့ကြသူများ ဖြစ်ကြသည့် စစ်တပ်ထွက် တစ်ဦးနှင့် တပ်ပြေး တစ်ဦးတို့ကို စစ်ဘက် ခုံရုံးနှင့် အရပ်ဘက် တရားရုံးတို့မှ ထောင်ဒဏ် (၁၅) နှစ်နှင့် ထောင်ဒဏ် (၁၁) နှစ်စီ အသီးသီး ချမှတ်ခဲ့သည်။

ရေရအောင်(တောင်ကုတ်)
Arakan State
https://www.facebook.com/NarinjaraNews
(၅) နှစ် အရွယ် မိန်းကလေးတစ်ဦးကို လိင်ပိုင်ဆိုင်ရာကျူးလွန်ရန် ကြံစည်သူမြောက်ဦးတွင် ဖမ်းဆီးခံရ   (၅) နှစ် အရွယ် မိန်းကလေးတစ်ဦးကို လိင်ပိုင်ဆိုင်ရာကျူးလွန်ရန် ကြံစည်သူမြောက်ဦးတွင် ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 18:26 Rating: 5
Powered by Blogger.