အင်းလေးကန် ရေတွေ လျော့နည်း လာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်က အင်းလေးကန်ကို တွေ့ရစဉ်။ Photo: RFA
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်က အင်းလေးကန်ထဲမှာ ရေတွေခမ်းခြောက်လာတယ်လို့ အင်းလေးကန် လေ့လာစောင့်ကြည့်နေတဲ့ အရပ်ဘက်လူမှုအဖွဲ့တွေက ပြောပါတယ်။

သင်္ကြန်ချိန်ကာလမှာဆိုရင် အင်းလေးကန်ရဲ့အလယ်မှာ ပုံမှန်ရေအမြင့်ပေ ၆ ပေ လောက်ရှိရမှာကို ၅ ပေလောက်သာ ရှိတော့တယ်လို့ အင်းလေးကန် ထိန်းသိမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးစုပေါင်းအဖွဲ့ ဥက္ကဌ ဦးသာဒိုးက ပြောပါတယ်။

"မနှစ်က တိုင်းတာထက်စာရင် ဒီနှစ်က နှစ်ပေနီးနီးလောက် ပိုလျော့နေတယ်၊ ဒီလိုသင်္ကြန်ကာလ မှာ ခြောက်ပေလောက်ရှိရမယ့် အနေအထားကနေ ခုငါးပေသာသာပဲရှိတော့တယ်၊ ၁ ပေလောက်လျော့နေတယ်"

အောက်ခံနုန်း မြေမျက်နှာပြင်ကနေ ရေမျက်နှာပြင်ကို တိုင်းတာတာဖြစ်ပြီး နုန်းမြေအထူဆိုရင် ၆ ပေ လောက်ကနေ ၄ ပေခွဲ လောက်အထိရှိနေတာကြောင့် တချို့ကျေးရွာတွေမှာ စက်လှေတွေသွားလို့ရအောင် မြောင်းတွေတူးပြီး သွားလာနေရပါတယ်။

အပူချိန်မြင့်တက်လာသလို လာမယ့် မေလမှာ ရေအမြင့် ၁ ပေလောက် ထပ်မံကျဆင်းသွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

၂၀၁၀ ခုနှစ် မတိုင်ခင်က အခုလိုနွေရာသီဆို ကန်အလယ်ရေနက်ပိုင်းမှာ ရေအမြင့် ၈ ပေ လောက်ရှိခဲ့ပြီး ၂၀၁၀ နောက်ပိုင်းမှာ တဖြည်းဖြည်းရေခမ်းတာတွေ ပိုဖြစ်လာပါတယ်။

အရင်က အင်းလေးကန်ထဲက ရေကိုသောက်သုံးလို့ရပေမယ့် လက်ရှိ ကျေးရွာတချို့မှာ သုံးရေအတွက်တောင် အခက်အခဲတွေရှိနေတယ်လို့ ပြောပါတယ်။

ဒီနှစ်ဟာ အယ်လ်နီညိုရာသီဥတု ပြင်းထန်နေတာကြောင့် တစ်နိုင်ငံလုံးက မြစ်၊ ချောင်း၊ အင်း၊ အိုင်တွေ ရေ ခမ်းခြောက်မှု ပိုများလာပြီး ဧပြီလထဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျေးရွာပေါင်း တစ်ထောင်နီးပါး မှာ ရေရှားပါးနိုင်တယ်လို့လည်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ခန့်မှန်းထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
အင်းလေးကန် ရေတွေ လျော့နည်း လာ  အင်းလေးကန် ရေတွေ လျော့နည်း လာ Reviewed by THITHTOOLWIN on 10:18 Rating: 5
Powered by Blogger.