ပခုက္ကူမြို့မဈေးရှိ ရွှေဆိုင်တစ်ဆိုင်မှ ရွှေဆွဲကြိုးများအား တပ်မတော် ဗိုလ်ကြီးတစ်ဦးမှ အလစ်ယူဆောင် ထွက်ပြေးခဲ့မှု ဖြစ်ပွား


ပခုက္ကူမြို့ မြို့မဈေးကြီး အနောက်ဘက်တန်းရှိ ရွှေဆိုင် တစ်ဆိုင်မှ ရွှေဆွဲကြိုးများအား ဗိုလ်ကြီးတစ်ဦးမှ လုယူထွက်ပြေးခဲ့မှု ဧပြီ ၄ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ပခုက္ကူမြို့မ ရဲစခန်းမှ သိရှိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၄ ရက်နေ့ မွန်းလွဲ ၁း၃၀ က ဆိုင်ပိုင်ရှင် ဦးအောင်ကျော်မျိုး၊ အသက်(၄၀)နှစ်၊ အမှတ် ၉ ရပ်ကွက်၊ ပခုက္ကူမြို့နေသည် ၎င်းပိုင် ပခုက္ကူမြို့၊ မြို့မဈေးကြီး အနောက် ဘက်တန်း ရုံ ၅ ၊ ဆိုင်ခန်းအမှတ် ၁ ရှိ မြင့်သစ္စာ ရွှေဆိုင်တွင် ဆိုင်ဝန်ထမ်း ၃ ဦးနှင့်အတူ ရွှေရောင်းဝယ်ရေး ပြုလုပ်နေစဉ် အမည်မသိ အမျိုးသားတစ်ဦးမှ ရွှေဆွဲကြိုး ၀ယ်ယူလိုကြောင်း လာရောက် ပြောကြားသဖြင့် ကောင်တာအတွင်း ဆွဲကြိုး ၅ ကုံး၊ စုစုပေါင်းအလေးချိန် ၅ ကျပ် ၁ ပဲ ၁၀ ရွေးတစ်ခြမ်း၊ စုစုပေါင်းတန်ဖိုး ၄၁၄၃၂၀၀ ခန့်အား ထုတ်ယူပြ သနေစဉ် အမည်မသိ အမျိုးသားတစ်ဦးမှ ပိုင်ရှင်အလစ်တွင် ခိုးယူထွက်ပြေးခြင်း ဖြစ်သည်။

ဦးအောင်ကျော်မျိုးမှ ဆွဲကြိုးများ ခိုးယူထွက်ပြေးသွားကြောင်း အနီးပတ်ဝန်းကျင်သို့ အော်ဟစ် အကူအညီ တောင်းခဲ့ရာ ဈေးလုံခြုံ ရေးတာဝန်ကျ ရဲဒုတပ်ကြပ် နေဇာမင်း၊ ရဲတပ်သားတင့်လွင်ဦးတို့မှ ပြည်သူ ၂၀ ဦးခန့်ဖြင့် လိုက်လံဖမ်းဆီးရာ ဈေးတောင်ဘက် ဖောင်တော်ဦးလမ်းမှ ကြယ်စိန်စတိုးဆိုင် အနီးတွင် ရွှေဆွဲကြိုး ၅ ကုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ခိုးယူထွက်ပြေးသူအား ပခုက္ကူမြို့မ ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ပခုက္ကူမြို့မ ရဲစခန်းမှူး ဒုရဲမှူးကျော်စိုးမှ စစ်ဆေးမေးမြန်းခဲ့ရာ ၎င်းသည် ပခုက္ကူမြို့၊ ခလရ (၂၅၂)မှ ကြည်း ၆၀၈၃၅ ဗိုလ်ကြီးစိုးကျော်ကျော်၊ အသက်(၃၃)နှစ်၊ တပ်ထောက် တာဝန်ခံဖြစ်ပြီး ပခုက္ကူမြို့နေသူ ဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ကြောင်း သိရသည်။

“ဖမ်းဆီးရမိတရားခံက ဗိုလ်ကြီးတစ်ဦး ဖြစ်ပါတယ်။ အကြွေးတွေများ နေလို့ လုပ်မိတာပါလို့ ပြောပါတယ်“ ဟု ပခုက္ကူမြို့မရဲစခန်းမှ ဒုရဲမှူးကျော်စိုးက ပြောကြားသည်။

ဖြစ်စဉ်နှင့်ပက်သက်၍ ရွှေဆွဲကြိုးအား ခိုးယူ ထွက်ပြေးသူ ဗိုလ်ကြီးစိုးကျော်ကျော်အား အရေးယူပေးပါရန် ဦးအောင်ကျော်မျိုးမှ တရားလိုပြုလုပ် တိုင်ကြားခဲ့သောကြောင့် ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်းမှ (ပ) ၁၁၅/၂၀၁၆ ၊ ပုဒ်မ-၃၈၀ အရကနဦး အမှုဖွင့်ကာ အမှုစစ်ရဲအုပ်သိန်းဌေးမှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

MMK
The Ladies News
https://www.facebook.com/News.TheLadies
ပခုက္ကူမြို့မဈေးရှိ ရွှေဆိုင်တစ်ဆိုင်မှ ရွှေဆွဲကြိုးများအား တပ်မတော် ဗိုလ်ကြီးတစ်ဦးမှ အလစ်ယူဆောင် ထွက်ပြေးခဲ့မှု ဖြစ်ပွား ပခုက္ကူမြို့မဈေးရှိ ရွှေဆိုင်တစ်ဆိုင်မှ ရွှေဆွဲကြိုးများအား တပ်မတော် ဗိုလ်ကြီးတစ်ဦးမှ အလစ်ယူဆောင် ထွက်ပြေးခဲ့မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 16:21 Rating: 5
Powered by Blogger.