ဧရာဝတီတိုင်း၊ ချောင်းသာသစ်တောကြိုးဝိုင်းအတွင်း တောဆင်ရိုင်းတစ်ကောင် ခေါင်းဖြတ် အသတ်ခံရ


ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာသစ်တောကြိုးဝိုင်းအတွင်း တောဆင်ရိုင်းတစ်ကောင် ခေါင်းဖြတ် အသတ်ခံရမှုကို သစ်တောဦးစီးဌာနက တရားလိုပြုလုပ်ကာ အမှုဖွင့်လှစ်ထားကြောင်း ချောင်းသာရဲစခန်းမှ သိရှိရသည်။

ချောင်းသာကြိုးဝိုင်း အကွက်အမှတ် ၃၇ ရှိ အောင်ပင်လယ်ကုန်းအနီး ကရင်မချောင်းအတွင်း ခေါင်းဖြတ် အသတ်ခံထားရသည့် တောဆင်ရိုင်းအထီး တစ်ကောင်အား ဒေသခံ ၀ါးခုတ်လုပ်သား ဦးထွန်းကတွေ့ရှိ အကြောင်းကြားလာသဖြင့် သစ်တောဦးစီးဌာနနှင့် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက သွားရောက် စစ်ဆေးပြီး ဆင်သတ်ဆင်စွယ်ဖြတ်ခြင်း ဖြစ်ကြောင်း တွေ့ရသဖြင့် ဧပြီလ ၂၈ ရက်နေ့က လာရောက်အမှုဖွင့် တိုင်ကြားခဲ့ကြောင်း ချောင်းသာရဲစခန်းမှ သိရသည်။

“ခေါင်းကိုဖြတ်ပြီး အစွယ်ယူသွားပုံရတယ်။ ပြတ်သွားတဲ့ နှာမောင်းကို ဆင်သေရဲ့ အရှေ့မြောက် ပေနှစ်ဆယ်လောက်မှာ တွေ့တယ်”ဟု ချောင်းသာသစ်တော ကြိုးဝိုင်း အကွက်အမှတ် ၃၅ မှ ၆၇ အထိ တာဝန်ခံဖြစ်သော တောအုပ်ဦးလေးအောင်က ပြောသည်။

ခေါင်းပြတ်သေဆုံးလျက် တွေ့ရှိသော တောဆင်ရိုင်းအထီးမှာ အသက် ၂၅ နှစ်ခန့်ဖြစ်ပြီး အမြင့် ၇ ပေ ၆ လက်မ ၊ ကိုယ်ထည် လုံးပတ် ၁၂ ပေ၊ ခန္ဓာကိုယ် အလျား ၉ ပေ ရှိကြောင်း သစ်တောဦးစီးဌာန တွေ့ရှိချက်တွင် ဖော်ပြပါရှိသည်။

ဆင်မှာစတင်တွေ့ရှိစဉ်ကပင် ဦးခေါင်းပြတ်နေပြီး ညာဘက် တင်ပါးဆုံရိုးတွင် အရှည် ၈ လက်မ အနက် ၃ လက် မ ခန့်ပြတ်ရှဒဏ်ရာ တစ်ခုရှိကာ နှာမောင်းကိုအရင်းမှ ဖြတ်ထားသဖြင့် လူနှင့်ဆင် ပဋိပက္ခဖြစ်ပြီးမှ သတ်ဖြတ်ခြင်းဖြစ်ကြောင်း ပုသိမ်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန စစ်ဆေးတွေ့ရှိချက်တွင် ဖော်ပြထားသည်။

သေဆုံးခဲ့သော ဆင်မှာလူတစ်ဦး တစ်ယောက်၏လက်ချက်ဖြင့် သေဆုံးခဲ့ရသောကြောင့် ဖော်ထုတ်အရေး ယူပေးရန် ငွေဆောင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ဦးလေးအောင်က ချောင်းသာနယ်မြေရဲစခန်းသို့ တိုင်တန်းလာသဖြင့် (ပ) ၃၉/၁၆၊ သစ်တောနှင့် တောရိုင်း တိရစ္ဆာန်ကာကွယ်ရေး ဥပဒေ ပုဒ်မ ၃၇(က) ဖြင့်အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - MMK
The Ladies News
https://www.facebook.com/News.TheLadies
ဧရာဝတီတိုင်း၊ ချောင်းသာသစ်တောကြိုးဝိုင်းအတွင်း တောဆင်ရိုင်းတစ်ကောင် ခေါင်းဖြတ် အသတ်ခံရ ဧရာဝတီတိုင်း၊ ချောင်းသာသစ်တောကြိုးဝိုင်းအတွင်း တောဆင်ရိုင်းတစ်ကောင် ခေါင်းဖြတ် အသတ်ခံရ Reviewed by THITHTOOLWIN on 17:04 Rating: 5
Powered by Blogger.