အစိုးရ၀န်ထမ်းမိန်းမပျိုများ နိုင်ငံခြားသားသူလျှိုများနှင့် ချစ်တမ်းမကစားရန် တရုတ်အစိုးရသတိပေး

ဝါရှင်တန်ပို့စ်

ပေကျင်း၊ ဧပြီ-၂၀

တရုတ်နိုင်ငံ၏အမျိုးသားလုံခြုံရေးပညာပေးနေ့တွင် အစိုးရ၀န်ထမ်း မိန်းမပျိုများအား လျှို့ဝှက်တာဝန်များ ရှိနေသည့် ခပ်ချောချော နိုင်ငံခြားသားများနှင့် တွဲခုတ်ခြင်းအပေါ် သတိပေးပိုစတာကြီးများ စိုက်ထူကာ အထိမ်းအမှတ်ပြုကျင်းပခဲ့သည်။ “အန္တရာယ်ကြီးမားသောအချစ်”ဟုအမည်ပေးထားသည့် ပန်နယ်ပြား ၁၆ပြား ရုပ်ပြစာအုပ်ဆန်ဆန် ပိုစတာကြီးကရှောင်လီ (သို့မဟုတ်) လီကလေးဟုခေါ်သည့် လှပသောတရုတ် အစိုးရ၀န်ထမ်းမလေးက ညစာစားပွဲပါတီတစ်ခုတွင် ဆံပင်နီနီ နိုင်ငံခြားသားတစ်ယောက်နှင့် တွေ့ပြီးအချစ်ဇာတ်လမ်းစလာပုံကို ပြောပြထားသည်။.

သူ့ကိုယ်သူအလည်အပတ်လာရောက်သည့် ပညာရှင်တစ်ယောက်ဟုပြောသော်လည်း တကယ်တန်း နိုင်ငံခြားသူလျှိုတစ်ယောက်ဖြစ်သည့် အဆိုပါ နိုင်ငံခြားသားဒေးဗစ်ကရှောင်လီ၏ အလှအပကိုမြှောက်ပင့်ကာ နှင်းဆီပန်းစည်းများပေးသလို၊ ခန်းနားထည်ဝါသည့် ညစာဖြင့်လည်းတည်ခင်းဧည့်ခံသည်အပြင် ပန်းခြံထဲတွင်လည်းစိတ်ကူးယဉ်ဆန်ဆန် လမ်းလျှောက်ကြသည်။
ရှောင်လီကအစိုးရ ၀ါဒဖြန့်ချိရေးရုံးရှိသူမ၏အလုပ်မှ လျှို့ဝှက်အတွင်းရေးစာရွက်စာတန်းများကိုဒေးဗစ်အားထုတ်ပေးလာသည့်အခါတွင်မူ နှစ်ယောက်စလုံးကိုဖမ်းဆီးခဲ့ရသည်။ ပိုစတာ၏ နောက်ဆုံးပန်နယ်တစ်ခုတွင်မူရှောင်လီမှာသူမမှာ နိုင်ငံ့ဝန်ထမ်းတစ်ယောက်၏ လျှို့ဝှက်မှုကို ခပ်တိမ်တိမ်သာသိရှိနားလည်ထားသည်ဟုပြောကြားနေသည့် ရဲနှစ်ယောက်ရှေ့တွင် လက်ထိပ်ခတ်လျှက်သားနှင့် ထိုင်နေသည့်ပုံကို ပြသထားသည်။

အဆိုပါ ပိုစတာကြီးမှာသာမန်နိုင်ငံ့ဝန်ထမ်းများကို ရည်ရွယ်သည့် ဒေသန္တရအစိုးရများ၏ ကြေညာချက်ဘုတ်ပြားများပေါ်တွင် ပေါ်ထွက်လာခဲ့သည်။
အစိုးရ၀န်ထမ်းများအား လျှို့ဝှက်သတင်းအချက်အလက်များကို ကိုယ်ရေးကိုယ်တာသဖွယ် ထိန်းသိမ်းပြီးသူလျှို လှုပ်ရှားမှု တစ်စုံတစ်ရာတွေ့ရှိပါက နိုင်ငံတော်လုံခြုံရေးအေဂျင်စီသို့ သတင်းပို့ရန် ပညာပေးထားသည့် ပိုစတာကို ပြသသွားမည်ဖြစ်ကြောင်းပေကျင်းခရိုင်အစိုးရကကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။ အစိုးရ၀န်ထမ်းများအား သူလျှိုလုပ်မှုကိုတန်ပြန်နိုင်သည့် နည်းလမ်းများဖြင့်လည်းရင်းနှီးကျွမ်းဝင်အောင် လုပ်ဆောင်သွားမည်ဟုလည်းကြေညာချက်တွင် ပြောကြားခဲ့သည်။

အမျိုးသားလုံခြုံရေးပညာပေးနေ့ကိုတရုတ်နိုင်ငံ၏ လုံခြုံရေးပြဿနာများကို ပြည်သူလူထုသဘောပေါက်လာစေရန် ရည်ရွယ်ပြီးမိန့်ခွန်းများ၊ စာရွက်စာတန်းပိုစတာများ ဖြန့်ချိခြင်းများဖြင့် အထိမ်းအမှတ်ပြု ကျင်းပသွားခဲ့သည်။

AM
china.com Myanmar
https://www.facebook.com/china.com.mm/
အစိုးရ၀န်ထမ်းမိန်းမပျိုများ နိုင်ငံခြားသားသူလျှိုများနှင့် ချစ်တမ်းမကစားရန် တရုတ်အစိုးရသတိပေး  အစိုးရ၀န်ထမ်းမိန်းမပျိုများ နိုင်ငံခြားသားသူလျှိုများနှင့် ချစ်တမ်းမကစားရန် တရုတ်အစိုးရသတိပေး Reviewed by THITHTOOLWIN on 15:30 Rating: 5
Powered by Blogger.