ပြည်အကျဉ်းထောင်မှ လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးလွတ်


ပြည်၊ ဧပြီ(၈)

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ အကျဉ်းထောင်မှ ပုဒ်မ(၁၈)ဖြင့် ပြစ်ဒဏ်ကျခံနေရသော နိုင်ငံရေးအကျဉ်းသား တစ်ဦး လွတ်ရက်စေ့သဖြင့် ဧပြီလ(၈)ရက်နေ့ နံနက်(၇)နာရီခန့်က လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

လွတ်မြောက်လာသည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုမျိုးသူထွဋ် ယခုလက်ရှိ ကျခံနေရသော အမှုမှာ PR
စံနစ်အား ကန့်ကွက် ဆန္ဒ ထုတ်ဖော်မှုဖြင့် ပုဒ်မ(၁၈)ဖြင့် ထောင်ဒဏ်လေးလ ကျခံရခြင်းဖြစ်ပြီး ပုဒ်မ(၁၈)ဖြင့် ဦးသန့်နှစ်(၄၀)ပြည့်နှင့် ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်လည်တည်ဆောက်ပေးရေး ဆန္ဒ ထုတ်ဖော် မှုဖြင့် ထောင်ဒဏ် လေးလကျခံခဲ့ရပြီး လက်ရှိအချိန်တွင် ဒေါ်ခင်ဝင်း အသတ်ခံရမှုအတွက် ဆန္ဒထုတ်ဖော်ခဲ့သဖြင့် ပုဒ်မ(၁၈)တစ်မှုနှင့် တရုတ်ဘုံကျောင်းရှေ့တွင် သွားရောက်ဟောပြောမှုဖြင့် ပုဒ်မ(၁၈) တို့ကို တရားရုံးတွင် အမှုရင်ဆိုင်လျှက်ရှိကြောင်းသိရသည်။


“ကျွန်တော်ကတော့ ကျွန်တော့်ပြစ်ဒဏ်ကျခံရတဲ့ လွတ်ရက်စေ့လို့ပါ။ ကျွန်တော်နဲ့ လက်ရှိမှာ လုပ်ဖော်ကိုင် ဖက်ထဲက (၇)ယောက်လောက် ကျန်ပါသေးတယ်။ အခြားထောင်အသီးသီးမှာ ကျွန်တော်တို့ရဲဘော်ရဲဘက်တွေ အများကြီးရှိပါသေးတယ်။ကျွန်တော်အနေနဲ့ပြောချင်တာက ကျွန်တော်တို့ ပြည်သူတွေ တင်မြှောက်လိုက်တဲ့ ပြည်သူ့အစိုးရပေါ့နော် ပြည်သူ့သမ္မတကနေပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေ လုပ်ဖော်ကိုင်ဖက်တွေက သူတို့ဒီနေရာမရောက်ခင်ကတည်းက အတူတူ တိုက်ပွဲဝင်ခဲ့ကြတယ်။ ရုံးကန်လှုပ်ရှားခဲ့ကြတယ်ပေါ့နော်။ အခု သူတို့ဒီနေရာတွေရောက်နေပြီ လုပ်ပိုင်ခွင့်တွေရှိနေပြီ ဆိုတော့ ကိုယ့်ရဲ့လုပ်ဖော် ကိုင်ဖက်တွေကို မေ့မသွားပါနဲ့လို့။ ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက်တွေဟာ ထောင်ထဲမှာ ဒုက္ခသုက္ခတွေများပါတယ်။ အဲဒါတွေကို လုပ်ပိုင်ခွင့်ရှိတုန်း စာနာနားလည်စွာနဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ အခြား အလုပ်သမား၊ကျောင်းသား၊ လယ်သမားတွေကို အမြန်ဆုံးလွှတ်ပေးနိုင်ပါစေလို့ တောင်းဆိုချင်ပါတယ်။”ဟု ကိုမျိုးသူထွဋ်ကပြောသည်။


လက်ရှိအချိန်တွင် ထွက်ပေါ်လျှက်ရှိသော ကောလာဟာလ များကြောင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်အကျဉ်းထောင်ရှေ့တွင် အကျဉ်းကျခံနေရသူများ၏ လုပ်ဖော်ကိုင်ဖက်များ ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူ များမှ
လာရောက်စောင့်ဆိုင်းမှုများ ရှိနေသော်လည်း လွတ်ရက်စေ့အကျဉ်းသား တစ်ဦးသာ ထွက်လာခဲ့သဖြင့် လူစုခွဲပြန်သွားကြကြောင်း သိရသည်။

“သိပ်တော့ မထင်ပေမယ့် လွတ်များလာမလားဆိုပြီး လာစောင့်တာပါ။ သူတို့မလွတ်တောင် ဒီနေ့က ရဲဖော်ရဲဖက်တစ်ဦးဖြစ်တဲ့ ကိုမျိုးသူထွဋ်တော့ လွတ်ရက်စေ့နဲ့ထွက်လာမှာပါ။ ကိုယ်တို့လက်ရှိ
ရင်ဆိုင်နေရတဲ့ အမှုတွေလည်း ဘယ်လိုဖြစ်လာဦးမလည်းဆိုတာ မသိသေးပါဘူး။”ဟု
ထောင်ရှေ့သို့ လာရောက် စောင့်ဆိုင်းနေသူ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ
ဦးမြင့်အေးကပြောသည်။

ကိုလေး(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာ
https://www.facebook.com/NewsWatchJournal
ပြည်အကျဉ်းထောင်မှ လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးလွတ်   ပြည်အကျဉ်းထောင်မှ လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးလွတ် Reviewed by THITHTOOLWIN on 10:23 Rating: 5
Powered by Blogger.