ဒလမြို့ရှိတည်းခိုခန်းတစ်ခု၌ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး


ဒလ ဧပြီ ၁၇

ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့နယ် မြို့မ(၄)ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုတွင် သင်္ကြန်အကျနေ့ ဧပြီ ၁၃ ရက်က လာရောက်တည်းခိုခဲ့သော ဆိပ်ကြီးခနောင်တို မြို့နယ်မှ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ဒလမြို့မရဲစခန်းတွင် ဒုရဲအုပ်သက်ထက်ဇော် တာဝန်မှူးဆောင်ရွက်နေစဉ် ထိုနေ့ ညနေ၆နာရီခွဲက မြို့မ(၄)ရပ်ကွက် ကင်းဝန်မင်းကြီးလမ်းရှိ တည်ခိုခန်း ပိုင်ရှင်က လူတစ်ဦးကြိုးဆွဲချသေဆုံးနေကြောင်း ဖုန်းဆက် အကြောင်းကြားသဖြင့် မြို့မရဲစခန်းမှူး ရဲအုပ်သက်နိုင်တို့ အဖွဲ့ သွားရောက်စစ်ဆေးခဲ့သည်။

သေဆုံးသူမှာ ဝသုန်(ခ)အငယ်ကောင်(ခ)ကုလား (၂၃)နှစ်၊ ကျဘမ်း၊ (၄၈)ထိပ်လမ်း၊ ကွက်သစ်ရပ်ကွက်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်နေသူ ဖြစ်ကြောင်း၊ ထိုနေ့ နံနက် (၈)နာရီက လာရောက် တည်းခိုခဲ့ပြီး သူတည်းခိုသည့် အခန်းအတွင်း ထုပ်တန်းအမြင့် ၁ဝ ပေခန့်ရှိ မျက်နှာကျက် တွင် သုံးပေခန့် အရှည်ရှိ ခရမ်းရောင်ခန်းဆီးစအားချည်၍ မတ်တပ်ရပ် အနေအထားဖြင့် ကြိုး ဆွဲချသေဆုံးလျက် ရှိကြောင်းနှင့် အရက်ကို အလွန်အကျွံ သောက်တတ်သူ ဖြစ်ကြောင်း စုံစမ်းစစ်ဆေး သိရသည်။

အလောင်းအား စစ်ဆေးရာ ပြင်ပဒဏ်ရာမရှိသဖြင့် ဒလဆေးရုံသို့ တင်ပို့ခဲ့ရာ လက်ခံထားပြီး ဒလမြို့မ ရဲစခန်း က ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် သေမှု သေခင်းအမှတ်-၇/၁၆ ဖြင့် ဖွင့်လှစ်စစ်ဆေးဆောင်ရွက် ထားခဲ့ကြောင်း သိရသည်။

သန်းဌေး(ဒလ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ဒလမြို့ရှိတည်းခိုခန်းတစ်ခု၌ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး ဒလမြို့ရှိတည်းခိုခန်းတစ်ခု၌ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး Reviewed by THITHTOOLWIN on 10:15 Rating: 5
Powered by Blogger.