အစိုးရရဲ့ မူဝါဒတွေ အပေါ် ဝေဖန်ထောက်ပြဖို့ သမ္မတပြော

ဧပြီလ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့တွင် မိန့်ခွန်းပြောကြားနေတဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကို တွေ့ရစဉ်။ Photo: Myanmar President Office/ Facebook
နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြည်သူတွေအနေနဲ့ အစိုးရရဲ့ ချို့ယွင်းချက်တွေကို  ဝေဖန်ထောက်ပြဖို့နဲ့ အကြံပြုလမ်းညွှန်ပေးဖို့ စတဲ့ နည်းလမ်းတွေနဲ့ ၀ိုင်းဝန်းပါဝင်ပေးကြ ဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့ တိုင်းပြည်ကို ပြောကြားတဲ့ မိန့််ခွန်းမှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောတာဖြစ် ပါတယ်။

"ကျနော်တို့ကိုရွေးချယ်ပြီး တာဝန်အပ်နှင်းခဲ့တဲ့ မဲဆန္ဒရှင်ပြည်သူများကလည်း မိမိနေရာကဏ္ဍအသီးအသီး က ပူးပေါင်းဆောက်ရွက်ခြင်း၊ ကျနော်တို့ ရဲ့ချွက်ယွင်းချက်များကို ဝေဖန်ထောက်ပြခြင်း၊ လုပ်ဆောင့်သင့် တာတွေကို အကြံပြုလမ်းညွှန်ခြင်း စတဲ့နည်းလမ်းတွေနဲ့ ဆက်လက်တက်ကြွစွာဝိုင်းဝန်း ပါဝင်ပေးကြဖို့ အလေးအနက်ပန်ကြားလိုပါတယ်၊ နှစ်သစ်ကို ခွန်သစ်၊ အားသစ်၊ စိတ်စေတနာ အသစ်တွေနဲ့ ဖြတ်သန်းနိုင် ကြပါစေလို့ ဆန္ဒပြုပါတယ်"

နိုင်ငံရေးအကျဉ်းသားတွေ နဲ့ တခြားအကျဉ်းသား စုစုပေါင်း ၈၃ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ လွှတ်ပေး လိုက်ကြောင်းနဲ့ ကျန်သူတွေကိုလည်း ရုံးချိန်းရက်တွေမှာ ဆက်လက် လွှတ်ပေးသွားမှာဖြစ်ပြီး နောင်မှာ ယုံကြည်ချက်အတွက် ဥပဒေနဲ့အညီ ဆောင်ရွက်သူတွေကို အကျဉ်းကျခံရတဲ့ ဘေးကလွတ်အောင် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင်  တိုင်းပြည်အကျိုးအတွက် ရည်ရွယ်ချမှတ်ထားတဲ့ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ် မှုကို ရှေးရှုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရေးနဲ့ ပြည် သူတွေရဲ့ လူနေမှုဘ၀တွေ တိုးတက်မြင့်မားရေး စတဲ့ မူဝါဒတွေကို အကောင် အထည်ဖော်ဆောင်ရွက်သွား မှာဖြစ်ကြောင်းလည်းပြောပါတယ်။

အစိုးရအနေနဲ့ တိုင်းပြည်အတွက် အကောင်းဆုံးအကျိုးရလဒ်တွေ ထွက်ပေါ်လာစေဖို့ မပြတ်တဲ့ သတိ၊ မလျှော့တဲ့ လုံ့လ ၀ီရိယနဲ့ ကြိုးပမ်းဆောင်ရွက်သွား မှာဖြစ်ကြောင်း နဲ့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အထူးလိုအပ်ကြောင်းလည်း ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ အစိုးရတစ်ဖွဲ့လုံးကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုတဲ့ အနေနဲ့ စတုဒီသာကျွေးမွေးတာ လုပ်အားဒါနပြု ကြတာတွေအတွက် ကျေးဇူးတင်ပြီး အသိအမှတ်ပြုကြောင်း လည်း ပြောကြားခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
အစိုးရရဲ့ မူဝါဒတွေ အပေါ် ဝေဖန်ထောက်ပြဖို့ သမ္မတပြော  အစိုးရရဲ့ မူဝါဒတွေ အပေါ် ဝေဖန်ထောက်ပြဖို့ သမ္မတပြော Reviewed by THITHTOOLWIN on 18:01 Rating: 5
Powered by Blogger.