ပလက်ဝမြို့နယ်၌ အရံစေတီတော် ၈ ဆူ၏ စိန်ဖူးတော်များ အခိုးခံရ


စစ်တွေ၊ ဧပြီ ၁၄

ချင်းပြည်နယ် ပလက်ဝမြို့နယ် တွင် သင်္ကြန်ကာလအတွင်း အရံ စေတီတော်(၈) ဆူ၏ စိန်ဖူးတော်များအားလုံး အခိုးခံလိုက်ရကြောင်း ဒေသခံများက နိရဉ္စရာ သို့ သတင်းပေးပို့ သည်။

ပလက်ဝမြို့နယ် ဆမီးမြို့(ခေါ်) သမိန်မြို့မှ တစ်မိုင်ခန့် အကွာ ဆုတောင်းပြည့် မြို့ဦး စေတီတော်ရှိ အမြင့် ၇ ပေခွဲခန့်ရှိ အရန်စေတီငယ် ၈ ဆူ၏ စိန်ဖူးတော်များ အခိုးခံလိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

“အခိုးခံရတာကို သိတာက သင်္ကြန်အကျနေ့ မနက် ၁၁ နာရီလောက်က ဥပုသ်စောင့်ဖို့ ဘုရားသွားတဲ့အခါကျမှ သိရတာ။ ဘုရားမှာနေတဲ့ ဆရာတော်တစ်ပါးရှိတယ်လေ။ ဆရာတော်က မြို့ပေါ် ရှင်ပြုပွဲကို ဧပြီလ ၁ဝ ရက်၊ ၁၁ ရက်နေ့က သွားနေတဲ့ အချိန် ပျောက်တာလို့ ယူဆရပါတယ်။ ဒါတောင်မှ စေတီတော်ကြီးရဲ့ စိန်ဖူးကို လက်လှမ်း မမီလို့။ နို့မဟုတ်ရင် စေတီကြီးရဲ့စိန်ဖူးလည်း ပါသွားနိုင်တယ်”ဟု ဘုရားဂေါပကအဖွဲ့မှ ဦးတင်ထွန်းက နိရဉ္စရာသို့ ပြောသည်။

ဆမီးမြို့(ခေါ်) သမိန်မြို့တွင် ဗုဒ္ဓဘာသာအိမ်ခြေ ၃ဝဝ ခန့်နှင့် တစ်ခြား ဘာသာကိုးကွယ်သူ အိမ်ခြေ ၆ဝဝ ခန့်ရှိကြောင်း ဒေသခံများက ပြောသည်။

“ ဗုဒ္ဓသာသနာထွန်းကားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီစေတီကို ၂ဝ၁၄ ခုနှစ်၊ မတ်လက တည်ထား ကိုးကွယ် ခဲ့ကြတာပါ။ တစ်ချို့ကလည်း မကြိုက်တဲ့အတွက် အတိုက်အခံလည်း များပါတယ်။ ဘုရားတည်မယ့် အခါလည်း အတိုက်အခံတွေရှိခဲ့တယ်။ ဒီကြားထဲက မဖြစ်မနေတည်ခဲ့တာ”ဟု ဦးတင်ထွန်းက ဆက်ပြောသည်။

ပျောက်ဆုံးသွားသည့် စိန်ဖူးတော်များမှာ တန်ဖိုးအားဖြင့်နည်းသော်လည်း မသမာသူ လူတစ်စုက ရည်ရွယ်ချက်ရှိရှိဖြင့် ဖျက်ဆီးလို၍ ပြုလုပ်ခြင်း ဖြစ်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်။

ဆမီးမြို့ဒေသခံ ဦးမောင်သိန်းဝေက “ဒီနေရာမှာ ဘာသာထွန်းကားတာကို မလိုချင်လို့ တမင်သက်သက် ဖျက်ဆီးလိုက်တာလို့ ထင်ပါတယ်။ ဒီလိုဖျက်ဆီးခံလိုက်ရတဲ့အတွက် ကျနော်တို့အားလုံးက ခံစားရတယ်ပဲလေ။ ဘုန်းကြီးက အစပေါ့။ ကျောင်းမှာလည်း ဥပုသ်သည်/မ တွေလည်း ဝမ်းနည်းကြတယ်။ သင်္ကြန်တွင်းလည်း ဖြစ်နေတဲ့ အတွက် အားလုံးလည်း စိတ်မကောင်းကြဘူး”ဟု နိရဉ္စရာသို့ပြောသည်။

ယခုဖြစ်စဉ်ဖြစ်ပွားပြီးသည့်နောက်ပိုင်း ဘုရားသို့ ရဲတပ်ဖွဲ့နှင့် မြို့နယ် အုပ်ချုပ်ရေးမှူး တို့ လာရောက် စစ်ဆေးသွားပြီး ခိုးယူ ဖျက်ဆီးသွားသူများကို စုံစမ်းဖော်ထုတ် အရေးယူပေးမည်ဟု ဒေသခံများကို ကတိပေး ပြောဆို သွားသည်ဟုဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ဒေသအာဏာပိုင်များကို နိရဉ္စရာက ဆက်သွယ် ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။

ပြီးခဲ့သည့် ၄ နှစ်ခန့်ကလည်း ယခုဖြစ်စဉ်ဖြစ်ပွားခဲ့သည့်နေရာ အနီး ကျောက်ပျဉ်တောင်ကျေးရွာ ရှိ ဘုရားတွင်လည်း ယခုကဲ့သို့ ဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့ဖူးကြောင်း ဒေသခံများက ပြောကြသည်။

မာန်ယုကျော် (ရွှေဝမြေ)
Arakan State
https://www.facebook.com/NarinjaraNews
ပလက်ဝမြို့နယ်၌ အရံစေတီတော် ၈ ဆူ၏ စိန်ဖူးတော်များ အခိုးခံရ  ပလက်ဝမြို့နယ်၌ အရံစေတီတော် ၈ ဆူ၏ စိန်ဖူးတော်များ အခိုးခံရ Reviewed by THITHTOOLWIN on 18:35 Rating: 5
Powered by Blogger.