ကော့သောင်းမြို့ငါးသုံးလုံးတောင်ကြောတစ်လျှောက် တောမီးလောင်မှုဖြစ်ပွား


ကော့သောင်း ဧပြီ ၃

ကော့သောင်းမြို့ ငါးသုံးလုံးတောင်ကြောတစ်လျှောက်တွင် ဧပြီ ၂ ရက် ညနေပိုင်းက တောမီးလောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သိရသည်။

တောမီးလောင်ကျွမ်းသည့်နေရာသည် ကျေးရွာပြည်သူများ နေအိမ်နှင့် အလှမ်းကွာဝေးသော်လည်း တောင်ကြောတစ်လျှောက် အချို့နေရာများတွင် ဘုန်းတော်ကြီးကျောင်းများ၊GSM ဖုန်း တာဝါတိုင်များ၊ ဥယျာဉ်ခြံမြေအတွင်း လူနေအိမ်တချို့ နှစ်ရှည်သီးပင်ဥယျာဉ်ခြံမြေများ စိုက်ပျိုးထားရာ နေရာတချို့ရှိကြောင်း သိရသည်။ အလေ့ကျပေါက်ရောက်နေသည့် သက်ငယ်တောများ ဖြစ်ရာ ပူပြင်းသည့်နွေရာသီဖြစ်သဖြင့် ခြောက်သွေ့နေသည့် သက်ငယ်တောများအတွင်းမှ စတင်ကာ စည်းကမ်းမဲ့ပြည်သူတချို့ ကြောင့် ညနေ ၅ နာရီခန့်က တောမီးစတင်လောင်ကျွမ်းခြင်းဖြစ်သည်။

မီးစတင်လောင်ကျွမ်းစဉ် လေပြင်းများတိုက်ခတ်နေချိန်ဖြစ်၍ မီးလောင်မှုပြင်းထန်သဖြင့် တောင်ကြောပတ်လည်ရှိ ပိတောက်ရွှေဝါ ရပ်ကွက်၊ အောင်သုခ ရပ်ကွက်နှင့် အေးမြကန်သာရပ်ကွက်ပြည်သူများ၏ အိုးအိမ်များသို့ မီးကူးစက်လောင်ကျွမ်းမှုမဖြစ်ပေါ်ရေး ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နယ်မြေခံ တပ်မတော်သားများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ပေါင်းစုံမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ကြရာ ဧပြီ ၃ ရက် နံနက် ၁ နာရီခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

အဆိုပါ တောမီးလောင်ကျွမ်းမှုဖြစ်စဉ်တွင် ရပ်ကွက်ပြည်သူ အိုးအိမ်များသို့ ကူးစက်လောင်ကျွမ်းမှုမရှိသော်လည်း တောင်ကြော တစ်လျှောက် နှစ်ရှည်သီးနှံပင် စိုက်ပျိုးထားသည့် ဥယျာဉ်ခြံမြေများ တောမီးကူးစက်လောင်ကျွမ်း ဆုံးရှုံးမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း-IPRD)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ကော့သောင်းမြို့ငါးသုံးလုံးတောင်ကြောတစ်လျှောက် တောမီးလောင်မှုဖြစ်ပွား  ကော့သောင်းမြို့ငါးသုံးလုံးတောင်ကြောတစ်လျှောက် တောမီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 09:44 Rating: 5
Powered by Blogger.