ရခိုင်ပြည်နယ်အစိုးရသစ်ရဲ့ ရက် ၁ဝဝ စီမံကိန်း စတင်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဧပြီလ ၂၉ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး အစိုးရရဲ့ ရက် ၁ဝဝ စီမံကိန်းကို ဝန်ကြီးချုပ် ဦးညီပုက ရှင်းပြစဉ်။ Photo: Min Thein Aung/RFA
ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး အပြောင်းအလဲဖြစ်စေမယ့် အစိုးရသစ်ရဲ့ ရက် ၁ဝဝ စီမံချက်ကို မူဝါဒ ၅ ရပ်နဲ့ စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီလို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောပါတယ်။

ဒီနေ့ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး အစိုးရရဲ့ စီမံကိန်းကို ဝန်ကြီးချုပ် ဦးညီပုက ရှင်းပြခဲ့တာဖြစ်ပါတယ်။

"ပြည်သူတွေအတွက် သိသာမြင်သာတဲ့ အပြောင်းအလဲလေးတွေ၊ ဖြစ်နိုင်တဲ့လုပ်ငန်းမျိုးတွေ လမ်းပမ်းကိစ္စတွေ၊ ကျန်းမာရေးကိစ္စတွေ၊ ပညာရေးကိစ္စတွေ အပါအဝင် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ နောင်ကို လည်းပဲ တကယ်ကြီးမားတဲ့လုပ်ငန်းတွေနဲ့ တဆက်တည်း တစပ်တည်းဖြစ်မယ့်လုပ်ငန်းတွေကို ဦးစားပေး လုပ်မှာပါ"

ရခိုင်ပြည်နယ်အစိုးရရဲ့ ရက် ၁ဝဝ စီမံကိန်းကို သန့်ရှင်းသော အုပ်ချုပ်မှုနဲ့ ကောင်းမွန်သော အစိုးရ ဖော်ဆောင်ရေး၊ ပြည်နယ်အတွင်းမှာ လွတ်လပ်ငြိမ်းချမ်းလုံခြုံရေး စတဲ့မူဝါဒ ငါးရပ်နဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

ပြည်နယ်အစိုးရသစ်ရဲ့ ရက် ၁ဝဝ စီမံချက်ကို ကနဦးအနေနဲ့ ကော်မတီပေါင်း ၁၃ ခုဖွဲ့ထားပြီး အဲ့ဒီ ကော်မတီတွေ မှာ အစိုးရအဖွဲ့ဝင်တွေအပါအဝင် တတ်သိပညာရှင်တွေလည်း ပါဝင်မှာဖြစ်တယ်လို့ ဝန်ကြီးချုပ် ဦးညီပုက ပြော ပါတယ်။

ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲတွေနဲ့ဆက်နွယ်ပြီး ဒေသခံတွေကို ပေါ်တာဆွဲတာတွေနဲ့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်တာတွေမပြုလုပ်ဖို့ တပ်မတော်အကြီးအကဲတွေက ညွှန်ကြားထားပြီး အဲ့ဒီညွှန်ကြားချက်ကို အောက်ခြေမှာချိုးဖောက်တာတွေရှိခဲ့ရင် ခိုင်လုံတဲ့သက်သေ အထောက်အထားတွေ နဲ့ ပြည်နယ်အစိုးရကို တင်ပြကြဖို့ ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
ရခိုင်ပြည်နယ်အစိုးရသစ်ရဲ့ ရက် ၁ဝဝ စီမံကိန်း စတင်  ရခိုင်ပြည်နယ်အစိုးရသစ်ရဲ့ ရက် ၁ဝဝ စီမံကိန်း စတင် Reviewed by THITHTOOLWIN on 03:43 Rating: 5
Powered by Blogger.