ပြည်သူ့အောင်ပွဲခံ သင်္ကြန်အဖြစ် ကိုမင်းကိုနိုင် ပြောကြား

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်ကို ဧပြီလ ၁၆ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့က ဗဟိုမဏ္ဍပ်မှာ တွေ့ရစဉ်။ Photo: Kyaw Zaw Win/ RFA
ဒီနှစ်သင်္ကြန်ဟာ အရင်နှစ်က သင်္ကြန်ပွဲတွေနဲ့မတူဘဲ ပြည်သူတွေ အောင်ပွဲခံတဲ့ သင်္ကြန်ဖြစ်တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားပါတယ်။

ရန်ကုန်မြို့တော်ခန်းမရှေ့က ဗဟိုမဏ္ဍပ်မှာ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ဒီနေ့ ဖျော်ဖြေမှုမစခင် ကိုမင်းကိုနိုင်က အဲဒီလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

"ဒီနှစ်သင်္ကြန်ဟာ ပြည်သူတွေသင်္ကြန်စစ်စစ်ဖြစ်ပါတယ်၊ ပြည်သူတွေရဲ့ အောင်ပွဲလို့လည်းပြောနိုင်ပါတယ်၊ ဒီမဏ္ဍပ်နာမည်ကိုကြည့်ပါ၊ အရင်နှစ်ကလို မြို့တော်ဝန်ရဲ့မဏ္ဍပ်မဟုတ်တော့ပါဘူး၊ ပြည်သူ၊ ပြည်သားတွေ၊ ရန်ကုန်မြို့သူ၊ မြို့သားတွေရဲ့ဗဟိုမဏ္ဍပ်ဖြစ်ပါတယ်၊ တစ်ကယ်တော့ ဟောဒီပန်းခြံ၊ ဟောဒီမြို့တော် ခန်းမ၊ ဟောဒီလွတ်လပ်ရေးကျောက်တိုင် အားလုံးဟာ ပြည်သူတွေပိုင်တယ်ဆိုတာ ဒီနှစ်ပြန်ပြီးတော့ သက်သေပြတဲ့ပွဲလို့ ကျနော်ပြောချင်ပါတယ်၊ ခါတိုင်းသင်္ကြန်ထက် ဒီနှစ်သင်္ကြန်မှာ တစ်ယောက်ကို တစ်ယောက် ရိုင်းပင်းကူညီစောင့်ရှောက်တာတွေ တွေ့ရတယ်၊ တစ်ယောက်နဲ့ တစ်ယောက်အပြန် အလှန်စောင့်ရှောက်ရင်းနဲ့ ဒီသင်္ကြန်မှာ အရင်တုန်းကနဲ့ မတူတဲ့အလှအပတွေမက တစ်ကယ့် သဘာဝ၊ ပြည်သူတွေရဲ့ဘဝ၊ ပြည်သူတွေရဲ့နစ်နာချက်၊ ပြည်သူ့ကိုယ်စားပြောပေးမယ့်အသံတွေပါ ပါစေရမယ်လို့ ကျနော်တို့ အဓိဌာန်ထားပါတယ်၊ အဲ့တော့ ပြည်သူလူထုသင်္ကြန်ကို ပြည်သူအချင်းချင်း ပဲ စောင့်ရှောက်ပြီးတော့ ကျင်းပကြမှာပါ"

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ မြို့တော်ခန်းမရှေ့က ရန်ကုန်ဗဟိုမဏ္ဍပ်မှာ ဒီနှစ် ပထမဆုံးအကြိမ် ဖျော်ဖြေခွင့် ရရှိတာ ဖြစ်ပါတယ်။

သင်္ကြန်ကာလအတွင်း ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ လှည့်လည်ဖျော်ဖြေတာ ၄ နှစ်ရှိနေပြီဖြစ်ပြီး အရင်နှစ်တွေက ရပ်ကွက်တွေနဲ့ တခြားမဏ္ဍပ်ငယ်တွေ မှာသာ ဖျော်ဖြေခဲ့ပါတယ်။

အဲဒီသံချပ်အဖွဲ့ကို ရန်ကုန်မြို့က တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကူညီခဲ့ တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ပြည်သူ့အောင်ပွဲခံ သင်္ကြန်အဖြစ် ကိုမင်းကိုနိုင် ပြောကြား  ပြည်သူ့အောင်ပွဲခံ သင်္ကြန်အဖြစ် ကိုမင်းကိုနိုင် ပြောကြား Reviewed by THITHTOOLWIN on 22:25 Rating: 5
Powered by Blogger.