မြန်မာ့စီးပွားရေးတွင် စစ်တပ်၏အခန်းကဏ္ဍ လျှော့ချဖို့အချိန်တန်ပြီ


မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းအရ ရွေးကောက်ခံအစိုးရသစ်က ပွင့်လင်းမြင်သာသော ဈေးကွက်စီးပွားရေး တရပ်ကို တည်ထောင်ရန် သန္နိဋ္ဌာန်ချထားစဉ် စစ်တပ်ပိုင်ကုမ္ပဏီများသည် ယခုအခါ ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲရန် မျှော်မှန်းလုပ်ဆောင်လျက်ရှိသည်။
မတ် ၃၁ တွင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (UMEHL) တိုင်းပြည်၏ အကြီးဆုံးစစ်တပ်ပိုင် ကုမ္ပဏီက ကုမ္ပဏီများအက်ဥပဒေအရ အများပိုင်ကုမ္ပဏီတခုဖြစ်လာရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနသို့လျှောက် ထားခဲ့သည်။ UMEHL သည် အထူးကုမ္ပဏီအက်ဥပဒေအရ အစိုးရနှင့်ဆက်နွှယ်သော အထူးကုမ္ပဏီတခုအဖြစ် တည်ရှိသည်။

ရည်ရွယ်ချက်မှာ ၎င်း၏ရှယ်ယာအားလုံး သို့မဟုတ် တစိတ်တဒေသကို ကန့်သတ်မှုမပြုဘဲ အရောင်းအ၀ယ် လုပ်ခွင့်ပေးခြင်းဖြင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများထံမှ ငွေကြေးများရယူဖို့ ကုမ္ပဏီအတွက် ပိုမိုလွယ်ကူစေမည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ အဓိက ပုဂ္ဂလိကကုမ္ပဏီများအနက် ၂၀၀ ခန့်သည် အများပိုင် ကုမ္ပဏီများအဖြစ် မှတ်ပုံတင်ထားကြသည်။ ၎င်းတို့၏ ရှယ်ယာများကို ကောင်တာပေါ်တွင် အရောင်းအ၀ယ်ပြုနိုင်ပြီး နိုင်ငံခြား ကုမ္ပဏီများက ရှယ်ယာများပိုင်ဆိုင်ခွင့်ရှိသည်။ အများပိုင်ကုမ္ပဏီဖြစ်မှသာလျှင် မြန်မာနိုင်ငံ၏ ပထမဆုံး စတော့အိတ်ချိန်းဖြစ်သော ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်မည်ဖြစ်သည်။ ရန်ကုန်စတော့အိတ်ချိန်းကို မတ်လကုန်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

UMEHL ကို လက်နက်ကိုင်တပ်ဖွဲ့များ အဓိကပါဝင်ပြီး ၁၉၉၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့သည်။ ၎င်းကို စစ်ဘက်နှင့် တပ်မတော်ကာကွယ်ရေးဝန်ကြီးဌာန စစ်လက်နက်ပစ္စည်းဝယ်ယူရေးအဖွဲ့တို့က ပူးတွဲပိုင်ဆိုင်ကြ သည်။ UMEHL လက်အောက်တွင် မြ၀တီဘဏ်နှင့် တိုင်းပြည်၏ အကြီးမားဆုံး ဘီယာချက်လုပ်သည့် ကုမ္ပဏီ မြန်မာ့ဘရူဝါရီတို့ ပါဝင်ကြသည်။ UMEHL သည် စီးပွားရေးမြို့တော်ရန်ကုန်တွင် ကူးသန်းရောင်းဝယ်ရေး ဆိုင်ရာ အဆောက်အအုံများနှင့် ဟိုတယ်လုပ်ငန်းများလုပ်ကိုင်သကဲ့သို့ နိုင်ငံမြောက်ပိုင်း၌ ကျောက်စိမ်းနှင့် ပတ္တမြားတွင်းများ ပိုင်ဆိုင်သည်။
မြန်မာ့အာဏာပိုင်များ၏အဆိုအရ UMEHL သည် ၂၀၁၅ မတ်လအထိ ဘဏ္ဍာနှစ်တွင် စီးပွားရေး လုပ်ငန်းခွန် ပဉ္စမမြောက် အများဆုံးပေးခဲ့ကြောင်း သိရသည်။ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (UM-EHL)၏ အရောင်း တန်ဖိုးသည် ဒေါ်လာဘီလီယံ အနည်းငယ်ရှိမည်ဟု ခန့်မှန်းရသည်။ ရှယ်ယာအလွှဲအပြောင်းများအပေါ် ကန့်သတ်မှုများလျှော့ချရန် UMEHL ၏ အစီအစဉ်သည် နိုင်ငံ့အာဏာအလွှဲ အပြောင်းနှင့်သက်ဆိုင်ဖွယ်ရှိ သည်။

နိုဝင်ဘာလတွင် ရွေးကောက်ပွဲအနိုင်ရခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပွင့်လင်းမြင်သာသော ဈေးကွက်စီးပွားရေးတခု ဖန်တီးမည်ဟု ကတိပြုခဲ့သည်။
UMEHL သည် အများပိုင်ကုမ္ပဏီအဆင့်ရရန် ကြိုးစားမှုကဲ့သို့ ကိုယ်ပိုင် ပြုပြင်ပြောင်းလဲမှုလုပ်ခြင်းဖြင့် NLD အစိုးရလက်ထက်အတွင်း ရှင်သန်ရပ်တည်ရန် မျှော်လင့်ထားပုံရသည်။

ဖေဖော်ဝါရီလတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်တပ်ပိုင်ကုမ္ပဏီ အားလုံးကို သင့်လျော်သည့်အချိန်တွင် ပုဂ္ဂလိကပိုင်ပြုလုပ်ရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။ ယင်းပုဂ္ဂလိကပိုင်လုပ်မည့်စာရင်းတွင် အကြီးစားနှင့် ဆက်သွယ်ရေးလုပ်ငန်းများ၌ အဓိကလုပ်နေသည့် မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်း (MEC) ပါဝင်လိမ့်မည်ဟု သိရသည်။
UMEHL သည် အများပိုင်ကုမ္ပဏီ တခုဖြစ်လာသည်နှင့်တပြိုင်တည်း ကုမ္ပဏီအုပ်စုများ၏ ပုဂ္ဂလိကပိုင်လုပ်မှု အရှိန်ရလာပြီး စစ်တပ်၏အကျိုးပတ်သက်နေသော စီးပွားရေးလုပ်ငန်းများကို နိုင်ငံခြားစီးပွား ရေးလုပ်ငန်းများ သို့ လွှဲပြောင်းရောင်းချရေး လမ်းပွင့်သွားနိုင်သည်။

SM
Ref : asia nikkei
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

မြန်မာ့စီးပွားရေးတွင် စစ်တပ်၏အခန်းကဏ္ဍ လျှော့ချဖို့အချိန်တန်ပြီ မြန်မာ့စီးပွားရေးတွင် စစ်တပ်၏အခန်းကဏ္ဍ လျှော့ချဖို့အချိန်တန်ပြီ Reviewed by THITHTOOLWIN on 19:03 Rating: 5
Powered by Blogger.