ရှမ်းပြည်နယ် ၀န်ကြီးချုပ် ကတိသစ္စာပြု


 ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ ကျင်းပ

တောင်ကြီး ဧပြီ ၁

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေး (အဋ္ဌမနေ့) ကို ဧပြီလ ၁ ရက် နံနက် ၁၀ နာရီက ရှမ်းပြည်နယ် လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံ ဆိုင် ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စား လှယ် များတက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ရုံး အကြီးအမှူး ဦးကျော်သူဇော်က အခမ်းအနားမှူး အဖြစ် ဆောင်ရွက်သည်။

ရှေးဦးစွာ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက အစည်းအဝေး တက်ရောက်ခွင့် ရှိသူ လွှတ်တော် ကိုယ်စားလှယ် (၁၃၇)ဦး ရှိသည့်အနက် (၁၃၀) ဦး တက်ရောက် သဖြင့် တက်ရောက်ခွင့် ရှိသူ၏ (၉၄.၈၉) ရာခိုင်နှုန်း ရှိပြီး အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာ ပါသည်။

ဆက်လက်၍ အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၇) ဦးအတွက် ခွင့်ပန်ကြားခြင်းအား ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ စိစစ်ရေးကော် မတီ ဥက္ကဋ္ဌ ညောင်ရွှေမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းရင် က တင်ပြပြီး ပြည်နယ်လွှတ်တော် မှ သဘောတူကြောင်းနှင့် အစည်းအဝေး အထမြောက်မှုကို လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာပါသည်။

ထို့နောက် ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးနိုင် ရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံမှ ပေးပို့ထားသော တပ်မတော်သား ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီး စိုးမိုးအောင်၏ အမည်စာရင်းကို ပြည်နယ်ဝန်ကြီးချုပ် အဖြစ် ရွေးချယ်တင်မြှောက်ခံရသူ ဒေါက်တာ လင်းထွဋ် က ပြည်နယ် လွှတ်တော် သို့ တင်သွင်းပြီး ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ က လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူရာ လွှတ်တော်က သဘောတူသဖြင့် ဗိုလ်မှူးကြီး စိုးမိုးအောင်အား ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် သဘောတူကြောင်း ကြေညာပါသည်။


ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံ ရ သူ ဒေါက်တာ လင်းထွဋ် က ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှ ရယူထားသော ရှမ်းပြည်နယ်အတွင်းရှိ ကချင်၊ ကယန်း(ပဒေါင်)၊ ဗမာ၊ လားဟူ၊ လီဆူ၊ အာခါနှင့် အင်းသား တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများ၏ အမည်စာရင်းကို လွှတ်တော်သို့ တင်ပြရာ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ က ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများ၏ အမည်စာရင်းကို လွှတ်တော်မှ အတည်ပြု မှတ်တမ်းတင်ကြောင်း ကြေညာပါသည်။

၎င်းနောက် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ပြည်နယ်ဝန်ကြီးချုပ် အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသူ ဒေါက်တာလင်းထွဋ် တင်ပြ ထားသော ပြည်နယ်ဥပဒေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးနိုင် ရန် ဦးတင်ဦးနှင့် ပြည်နယ်စာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးနိုင် ရန် ဒေါ်နန်းဝိုဟိန်း တို့၏ အမည်စာရင်းစာရင်းကို လွှတ်တော်သို့ တင်ပြပြီး လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူရာ လွှတ်တော်က သဘောတူသဖြင့် ၎င်းတို့အား ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ် စာရင်းစစ်ချုပ် အဖြစ် ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်း ကြေညာပါသည်။


ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသူ လားရှိုးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာလင်းထွဋ်နှင့် ၂၀၁၃ ခုနှစ် ရှမ်းပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ (၆၀)နှင့်အညီ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံရသူ ဗိုလ်မှူးကြီး စိုးမိုးအောင်၊ ပြည်နယ် ဥပဒေချုပ် အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသူ ဦးတင်ဦး၊ ပြည်နယ်စာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသူ ဒေါ်နန်းဝိုဟိန်း၊ ပြည်နယ်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး များက ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌရှေ့မှောက်တွင် ကတိသစ္စာပြုပြီး ဒုတိယအကြိမ် ရှမ်းပြည် နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေး အဋ္ဌမနေ့ကို နံနက် (၁၁)နာရီ (၅)မိနစ်တွင် ရပ်နား လိုက်ကြောင်း သိရှိရသည်။

ပြည်နယ်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ရှမ်းပြည်နယ် ၀န်ကြီးချုပ် ကတိသစ္စာပြု  ရှမ်းပြည်နယ် ၀န်ကြီးချုပ် ကတိသစ္စာပြု Reviewed by THITHTOOLWIN on 18:13 Rating: 5
Powered by Blogger.