ရန်ကုန်သင်္ကြန်တွင် အများပိုင်နေရာ၌ စီးပွားဖြစ်မဏ္ဍပ်များ ဆောက်လုပ်ခွင့်မပြု



ယခုနှစ်သင်္ကြန် ရန်ကုန်မြို့တွင်း၌ အများနှင့်သက်ဆိုင်သည့်နေရာများပေါ်တွင် ကုမ္ပဏီများကပြုလုပ်မည့် စီးပွား ရေးသင်္ကြန်မဏ္ဍပ်များအား ခွင့်မပြုဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်အသစ် ဦးဖြိုးမင်းသိန်းက မတ် ၃၁ ရက် မြို့တော်ခန်းမ အစည်းအဝေးတွင် ပြောကြားခဲ့သည်ဟု (ဇောတိက) ဦးခင်လှိုင်က News Watch သို့ ပြောသည်။

ယင်းနှင့်ပတ်သက်၍ ''တိုင်းဒေသကြီးဝန်ကြီးချုပ်အသစ်က ဒီကနေ့ မြို့တော်ခန်းမအစည်းအဝေးမှာ စီးပွားရေး မဏ္ဍပ်တွေကို ခွင့်မပြုဘူးပြောတယ်။ စီးပွားရေးမဏ္ဍပ်ဆိုတာ ကုမ္ပဏီကလုပ်တဲ့ မဏ္ဍပ်တွေကို ခွင့်မပြုဘူး။ လုပ်ချင်ရင် ကိုယ့်ကုမ္ပဏီ ရှေ့မှာပဲလုပ် အများပိုင်နေရာမှာ လုပ်ခွင့်မပေးဘူး''ဟု (ဇောတိက) ဦးခင်လှိုင်ကဆိုသည်။

ယခုနှစ် သင်္ကြန်မဏ္ဍပ်များနှင့် ပတ်သက်၍ ကန်တော်ကြီး ကန်ပတ်လမ်းနေရာ မဏ္ဍပ်ကြီး ကိုးခု၊ ကမ္ဘာအေးဘုရားလမ်းပေါ် ကိုးခုနှင့် မဏ္ဍပ်လတ် ငါးခုတို့အား မဏ္ဍပ် နေရာချထားရေးကော်မတီမှ ရွေးချယ်ထားသည်ဟု ယင်းကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးက News Watch သို့ ပြောသည်။
၎င်းက ''ဒီနေ့ကြားတာကတော့ အများပိုင်နေရာမှာ မဏ္ဍပ်တွေ ဒီနှစ်မလုပ်တော့ဘူးလို့ ကြားတယ်။ ပြောရခက်တာက ဘာလဲဆိုတော့ ကျွန်တော်က မြေနေရာရှာဖွေရေးနဲ့ မဏ္ဍပ်နေရာချထားရေး ကော်မတီ ဥက္ကဋ္ဌဆိုပေမယ့် အစိုးရသစ်လွှဲတဲ့အခါ ကျွန်တော်တို့လည်း အစိုးရသစ်ကို လွှဲလိုက်တယ်လေ။ ဒီတော့ ကျွန်တော်က ဒီနေ့ကြားတာကိုပဲ ပြောရတာပါ''ဟု ဦးကျော်စိုးက ပြောသည်။

ယခုနှစ် သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ခွင့်လာရောက်လျှောက်ထားသည့် လျှောက်လွှာပေါင်း ၁၅၀ ခန့်ရှိခဲ့ပြီး မဏ္ဍပ်ကြီးအဖြစ် ကန်ပတ်လမ်းကိုးခု၊ ကမ္ဘာအေး ဘုရားလမ်း ကိုးခု၊ မဏ္ဍပ်လတ် ငါးခု သတ်မှတ်ထားပြီး ရွေးချယ်ခွင့်နှင့် ဆုံးဖြတ်ခွင့်အား အစိုးရသစ်သာ ဆုံးဖြတ်မည်ဖြစ်၍ စနစ်တကျ လွှဲပြောင်းပေးခဲ့ကာ အစိုးရသစ် မှ ခွင့်ပြုခြင်း၊ မပြုခြင်းများ ဆုံးဖြတ်မည်ဟု ဆိုသည်။
အများပိုင်နေရာရှိ စီးပွားရေးမဏ္ဍပ်ဆိုသည်မှာ ကုမ္ပဏီများက လာရောက်ဆောက်လုပ်သည့်မဏ္ဍပ်များနှင့် စီးပွားဖြစ် ရေပိုက်တခုလျှင် တရက်ရေကစားခ အခကြေးငွေယူ၍ ရေပက်ခွင့်ပြုသည့်မဏ္ဍပ်များ အကျုံးဝင် သည်ဟု သိရသည်။ ခွင့်မပြုရသည့်အကြောင်းအရင်းများထဲတွင် ယခု နှစ်အယ်လ်နီညိုရာသီဥတုကြောင့် ယင်း ကဲ့သို့ ခွင့်မပြုခြင်းဖြစ်ကြောင်း YCDC အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။ အများပိုင်နေရာများပေါ်၌ စီးပွားရေး မဏ္ဍပ်များ ခွင့်ပြုခြင်းကိစ္စနှင့်ပတ်သက်၍ ဧပြီ ၁ ရက်တွင် သတင်းထုတ်ပြန်သွားမည်ဟု သိရသည်။

ထို့ပြင်ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် ရန်ကုန်မြို့တော်ဝန်မဟာသင်္ကြန် မဏ္ဍပ်ဟု အမည် တပ်မကျင်းပတော့ဘဲ မြို့တော်ခန်းမရှေ့တွင် ရန်ကုန်မြို့တော်ဗဟို မဏ္ဍပ်အမည်ဖြင့် ကျင်းပမည်ဖြစ်ကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ်တဦးထံမှ သိရသည်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ရန်ကုန်သင်္ကြန်တွင် အများပိုင်နေရာ၌ စီးပွားဖြစ်မဏ္ဍပ်များ ဆောက်လုပ်ခွင့်မပြု  ရန်ကုန်သင်္ကြန်တွင် အများပိုင်နေရာ၌ စီးပွားဖြစ်မဏ္ဍပ်များ ဆောက်လုပ်ခွင့်မပြု Reviewed by THITHTOOLWIN on 16:57 Rating: 5
Powered by Blogger.