သာယာဝတီထောင်က ကျောင်းသားတွေပြန်လည်လွတ်မြောက်


အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်လို့ အကြမ်းဖက်ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေကို သာယာဝတီ တရားရုံးကနေ အမှုရုပ်သိမ်းပြီး လွှတ်မိန့် ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ ကျောင်းသားနဲ့ ၀ိုင်းရံပြည်သူ စုစုပေါင်း ၃၄ ဦး သာယာဝတီတရားရုံးကတဆင့် ပြန်လည်လွတ်မြောက်လာပြီဖြစ်ပါတယ်။

သာယာဝတီအပြင် ရန်ကုန်မှာရှိတဲ့ အခြားတရားရုံးတွေမှာ ဒီကနေ့ ရုံးထွက်လာတဲ့ ကျောင်းသားခေါင်းဆောင်တွေကိုလည်း သက်ဆိုင်ရာတရားရုံးတွေကနေ လွှတ်မိန့်ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ ဗကသ ကျောင်းသားခေါင်းဆောင် ငါးဦးဖြစ်တဲ့ ကိုကျော်ကိုကို၊ မဖြိုးဖြိုးအောင်၊ ကိုနန္ဒာစစ်အောင်၊ ကိုမင်းသွေးသစ်နဲ့ ကိုလင်းထက်နိုင်တို့ ကတော့ ရန်ကုန်တိုင်း အခြားမြို့နယ်တွေမှာ စွဲဆိုခံထားရတဲ့ အမှုတွေရှိတာကြောင့် အင်းစိန်ထောင်မှာ ပြန်လည်စောင့်ရမယ်လို့ နောက်ဆုံးအခြေအနေအရ သိထားရပါတယ်။ ထောင်အသီးသီးမှာ အမိန့်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၀ နီးပါးကိုတော့ စီစစ်နေပြီး မကြာခင်ရက်ပိုင်းအတွင်း ပြန်လည်လွှတ်ပေးမယ်လို့ သမတရုံးဝန်ကြီးဌာန ပြောခွင့်ရသူ ဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်းရဲ့ စာရင်းအရဆိုရင်တော့ ထောင်ချခံရတဲ့ နိုင်ငံရေးအကျဉ်းသားစုစုပေါင်း တရာကျော်ရှိပြီး၊ လေးရာကျော်ဟာ အမှုမျိုးစုံနဲ့ တရားစွဲဆိုခံထားရတယ်လို့သိရပါတယ်။ မနေ့တုန်းက ဒေါ်အောင်ဆန်းစုကြည် လက်မှတ်နဲ့ထုတ်ပြန်လိုက်တဲ့ နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ်ရုံးရဲ့ ပထမဆုံးကြေညာချက်မှာတော့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးဟာ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဦးစားပေးလုပ်ငန်းစဉ်ဖြစ်ပြီး၊ ဒီလူတွေ အခု မြန်မာနှစ်သစ်ကူးကာလမှာ လွတ်မြောက်လာဖို့ အမြန်ဆုံးညှိုနှိုင်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

သာယာဝတီထောင်က ကျောင်းသားတွေပြန်လည်လွတ်မြောက်  သာယာဝတီထောင်က ကျောင်းသားတွေပြန်လည်လွတ်မြောက် Reviewed by THITHTOOLWIN on 17:43 Rating: 5
Powered by Blogger.