ရန်ကုန်-မန္တလေး အမြန်လမ်း မိုင် ၂၀ အကြီးစားပြင်ဆင်မှုစတင်


ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံချက်ကာလအတွင်းရန်ကုန် - မန္တလေးအမြန်လမ်းမကြီးမှ လမ်းမိုင် ၂၀ ကို အဆင့်မြှင့်တင် ပြုပြင် တည်ဆောက်သွားမည်

နေပြည်တော် ဧပြီ ၃၀

ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံချက်ကာလအတွင်းရန်ကုန် - မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင် ၁၅/၀ မှ မိုင်တိုင်၂၅/၀ ထိလမ်းပိုင်းနှင့် မိုင်တိုင် ၁၆၃/၀ မှ မိုင်တိုင် ၁၇၃/၀ ထိလမ်းပိုင်းစုစုပေါင်းလမ်းမိုင် ၂၀ ကို အဆင့်မြှင့်တင်ပြုပြင် တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။
"လမ်းအရည်အသွေးနှင့် ပတ်သက်ပြီး မိမိအနေဖြင့် ရဲရဲဝံ့ဝံ့အာမခံကြောင်း၊ အစိုးရသစ်တက်ပြီး နောက်ပိုင်း လမ်းတစ်လမ်းသည် ၅ နှစ်မခံပါက တာဝန်ခံအင်ဂျင်နီယာအား ထိရောက်စွာအရေးယူသွား မည်ဖြစ်ကြောင်း" ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရန်ကုန် - မန္တလေး အမြန်လမ်း ယာဉ်မတော် တဆ ဖြစ်ပွားမှု လျော့ချရေးရက် (၁၀၀) စီမံချက် စတင်ဆောင်ရွက်သည့် အခမ်းအနားတွင် ပြည်တွင်းပြည်ပသတင်း မီဒီယာများနှင့် တာဝန်ရှိသူများအားပြောကြားသည်။


အဆိုပါအခမ်းအနားကိုယနေ့ နံနက်ပိုင်းတွင် ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးမိုင်တိုင် (၁၇၃/၁)၌ ကျင်းပရာ ရှေးဦးစွာ လမ်းဦးစီးဌာနညွှန်ကြားရေးမှူး ဦးကြည်ဇော်မြင့်က အမြန်လမ်းမကြီး၏ ရက် (၁၀၀) စီမံချက်ဆောင်ရွက်ရသည့် ရည်ရွယ်ချက် နှင့် ဆောင်ရွက်မည့် အခြေအနေများကိုရှင်းလင်းသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးကရက် (၁၀၀) စီမံချက်အရဆောင်ရွက်မည့် လမ်းအဆင့်မြှင့်တင် ပြုပြင်တည်ဆောက်ခြင်း စီမံကိန်းအား အလံငယ်ဝှေ့ယမ်း၍ စတင်ဆောင်ရွက်ခွင့်ပြုသည်။ ဆက်လက် ၍ ပြည်ထောင်စုဝန်ကြီးကလုပ်ငန်းတစ်ခုဆောင်ရွက်မည်ဆိုလျှင် ပြည်သူလူထုစိတ်ဝင်စားရန် လိုအပ်ကြောင်း၊ ပြည်သူ လူထုစိတ်ပါဝင်စားမှု ရှိရန် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ၌ အစိုးရ အဖွဲ့သစ်တစ်ရပ်တက်လာလျှင် အစိုးရသစ်၏ စွမ်းဆောင်မှု တစ်ရပ်အဖြစ် ရက် (၁၀၀) လုပ်ငန်းစဉ်ဆောင်ရွက်ခြင်း ဟူ၍ရှိကြောင်း၊ ရက် (၁၀၀) အတွင်း ဖြစ်မြောက်နိုင် မည့် မျှော်လင့်ချက်ဖြစ်ရန်လိုအပ်ကြောင်း၊ ယခုရက်(၁၀၀) အတွင်းရန်ကုန် - မန္တလေးအမြန်လမ်းမကြီး၏ ၁၅/၀ မိုင် မှ ၂၅/၀ မိုင် ထိလမ်းပိုင်းနှင့် ၁၆၃/၀ မိုင်မှ ၁၇၃/၀ ထိလမ်းပိုင်း စုစုပေါင်း လမ်းမိုင် ၂၀ ကိုအဆင့်မြှင့်တင်ပြုပြင် တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ အခြေခံစံနှုန်းတစ်ခုရရှိရန် ဆောင်ရွက်ခြင်းလည်းဖြစ်ကြောင်း၊ ထိုစံနှုန်းကိုရယူပြီး ဆက်လက်လုပ်ဆောင်ရမည့် အမြန်လမ်းမကြီး၃၆၆ မိုင်၃ဖာလုံတွင်ကုန်ကျမည့် ကုန်ကျစရိတ်ကို နိုင်ငံတော် အစိုးရနှင့် ပြည်သူ လူထုထံပွင့်လင်းမြင်သာစွာ အစီရင်ခံတင်ပြမည်ဖြစ်ကြောင်း၊ ၄င်းအပြင် ၀န်ကြီးဌာန၏ ရက် (၁၀၀) စီမံချက်၌ အထပ် ၅ ထပ်တွင် အခန်း ၄၀ ပါဝင်သည့် စံနမူနာ တန်ဖိုးနည်းအိမ်ရာတစ်ခု တည်ဆောက်ခြင်း အပါအ၀င် ပြည်သူများ အိမ်ဂရမ်လျောက်ထားခြင်းကို ဆောလျင် စွာ ဆောင်ရွက်ပေးရေး အစီအစဉ်လည်း ပါဝင်ကြောင်းပြောကြားပြီး အခမ်အနားသို့ တက်ရောက်လာသည့် ပြည်တွင်းပြည်ပ သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည် ရှင်းလင်းဖြေကြားသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဖောက်လုပ်ရေးနှင့် စပ်လျဉ်း၍ ၁၉၅၉ ခုနှစ်၊ အောက်တိုဘာလအတွင်း မြန်မာနိုင်ငံ အစိုးရနှင့် အမေရိကန် အစိုးရတို့၏ သဘောတူစာတမ်းအရ နိုင်ငံခြားအတိုင်ပင်ခံ အင်ဂျင်နီယာ အဖွဲ့တစ်ခုဖြစ်သည့် လူဝီဘာဂျာနှင့်အဖွဲ့ (Louis BerGer& Associates) သည် ရန်ကုန်နှင့်မန္တလေးမြို့အကြား ခေတ်မီလမ်းတစ်လမ်း ဖောက်လုပ်ရေး အတွက် "ရင်းနှီးမြုပ်နှံမှု အကြိုလေ့လာရေး လုပ်ငန်း" ကိုဆောင်ရွက်ခဲ့သည်။

၁၉၆၀ ခုနှစ်ဖေဖော်ဝါရီလအတွင်းအဆိုပါ အတိုင်ပင်ခံအင်ဂျင်နီယာ အဖွဲ့သည်" ရန်ကုန်-မန္တလေးလမ်းစီမံကိန်း ပဏာမ အင်ဂျင်နီယာ အစီရင်ခံစာ" ကိုမြန်မာအစိုးရသို့တင်ပြခဲ့သည်။ ထိုစဉ်ကအဆိုပြုထားသည့် ရန်ကုန်-မန္တလေးအမြန်လမ်းသည် (၂) လမ်းသွားအဆင့် ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် လက်တွေ့ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပေ။
၁၉၇၇ ခုနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ရိုးမတောင်ခြေလမ်းအူကြောင်းသစ်အရ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တည်ဆောက်ရေးအတွက် ယခင်ပြည်ထဲရေး၊ သာသနာရေး ၀န်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူပေါင်းအကောင်ထည်ဖော် သွားရန်ဖြစ်ပြီး ၁၉၇၈ ခုနှစ်တွင် ရန်ကုန်- မန္တလေး အမြန်လမ်းဖောက် လုပ်ရေး လုပ်ငန်းအတွက် လမ်းအူကြောင်း ရှာဖွေတိုင်းတာခြင်းနှင့် တည်ဆောက်ခြင်းလုပ်ငန်းကို တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့သည်။


အဆိုပါအမြန်လမ်းသည် လှေလှော်အင်းမှမိတ္ထိလာအထိ ခန့်မှန်းအလျားမိုင် ၃၀၀ ခန့်ရှိပြီး ၁၉၇၉ ခုနှစ်၊ ဧပြီ(၁)ရက်မှစတင်၍ ၁၉၈၉ ခုနှစ်၊ မတ်(၃၁)ရက်ထိ (၁၀)နှစ်တာ ကာလအတွင်း အပြီးသတ်ဆောင်ရွက်ရန် လျာထားဆောင်ရွက်ခဲ့ရာတွင် လှေလှော်အင်းအနီး လမ်းအစပိုင်း ၃ မိုင် ၁ ဖာလုံခန့်ကို (၄) လမ်းသွားကွန်ကရစ်လမ်းပိုင်းနှင့် ၄င်းလမ်းပေါ်ရှိ ကွန်ကရစ်တံတား (၃) စီးသာ တည်ဆောက်ပြီးစီးခဲ့ပြီး စီမံကိန်းရပ်ဆိုင်း သွားခဲ့သည်။

ယင်းနောက် ၂၀၀၂ ခုနှစ်တွင် ယခုရန်ကုန် မန္တလေး အမြန်လမ်း စီမံကိန်းပဏာမလုပ်ငန်းများဖြစ်သည့် လမ်းအူကြောင်း ရှာဖွေခြင်းနှင့် အသေးစိတ်တိုင်းတာပုံထုတ်ခြင်း စသည့်အကြိုအင်ဂျင်နီယာ လုပ်ငန်းများကိုဆောင်ရွက်ခဲ့ပြီး ၂၀၀၄ခုနှစ် မတ်လ (၃၀) ရက်တွင်ကျင်းပသည့် အထူးစီမံကိန်းများ အကောင် အထည်ဖော် ဆောင်ရွက်ရေးအဖွဲ့၏ အစည်းဝေးအမှတ်စဉ် (၁/၂၀၁၄) က (၄) လမ်းသွားကတ္တရာလမ်းမကြီးအဖြစ် တည်ဆောက်ရန်ဆုံးဖြတ်ခဲ့ရာ အဆိုပါဆုံးဖြတ်ချက်အရရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဖောက်လုပ်ရေး စီမံကိန်းကို စတင်ဆောင်ရွက်ခဲ့ရာအကြို အင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက်နေစဉ်မှာပင် ကွန်ကရစ် လမ်းမကြီးအဖြစ် ဆက်လက်တည်ဆောက်ခဲ့သည်။


ရန်ကုန်-နေပြည်တော် လမ်းပိုင်းဖြစ်သည့် အမှတ်(၃)လမ်းဆုံမိုင်တိုင်(၀/၀)မှ မိုင်တိုင် (၈၃/၆)ထိနှင့် မိုင်တိုင်၁၇၃/၁မှမိုင်တိုင် ၂၂၁/၁ ထိကိုပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းကလည်းကောင်း၊ မိုင်တိုင်(၈၃/၆)မှမိုင်တိုင် (၁၇၃/၁) ထိကို စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးကလည်းကောင်း တည်ဆောက်ခဲ့သည်။
နေပြည်တော်-မန္တလေးပိုင်းဖြစ်သည့် မိုင်တိုင်(၂၂၁/၁)မှ မိုင်တိုင် (၃၀၄/၀) ထိကို စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူရုံး ကလည်းကောင်း မိုင်တိုင် (၃၀၄/၀) မှ မိုင်တိုင် (၃၆၆/၃) ထိကို ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းကလည်းကောင်းတည်ဆောက် ခဲ့ကြသည်။

ရန်ကုန်-နေပြည်တော်-မန္တလေးအမြန်လမ်းမကြီးသည် မိုင်ပေါင်း(၃၆၆)မိုင်၊ (၃)ဖာလုံရှည်လျားပြီးရန်ကုန်-ပဲခူး-နေပြည်တော်-မန္တလေးစသည့် တိုင်းဒေသကြီး (၄)ခုကိုဆက်စပ်လျက်ရှိကာ မြို့နယ်ပေါင်း (၁၅)ခု၊ ကျေးရွာပေါင်း(၁၅၆)ရွာနှင့် ဆက်စပ်နေသော မြို့နယ်/ ခရိုင်ခွဲများသို့ သွားလာနိုင်သည့်လမ်းမကြီးတစ်ခုဖြစ်သည်။

ရန်ကုန်-နေပြည်တော်- မန္တလေး အမြန်လမ်းမကြီးကို စတင် တည်ဆောက်စဉ်က (၈) လမ်းသွားဟု သတ်မှတ်ခဲ့သော်လည်း ၂၀၀၉ ခုနှစ်တွင် (၄)လမ်းသွားအဖြစ် အသုံးပြုခဲ့ပြီး (၈) လမ်းသွားအဖြစ် အသုံးပြုနိုင်ရန်မြေသားလမ်းကိုဆောက်ရွက်ပြီး ဖြစ်သည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင် ၂၀ အကြီးစားပြင်ဆင်မှုစတင်  ရန်ကုန်-မန္တလေး အမြန်လမ်း မိုင် ၂၀ အကြီးစားပြင်ဆင်မှုစတင် Reviewed by THITHTOOLWIN on 21:44 Rating: 5
Powered by Blogger.