မြေပြိုကန်ဆည် ကျိုးပေါက်မှုမဖြစ်ရန် ကြိုတင်ကာကွယ်

Photo: Thant Wai Kyaw/ Facebook ( တွန်းဇံမြို့နယ် မြေပြိုကန်ဆည်ကို ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ အဖွဲ့ဝင်တွေ ကွင်းဆင်းလေ့လာနေစဉ် )
ချင်းပြည်နယ် တွန်းဇံမြို့နယ်မှာ ဖြစ်ပေါ်နေတဲ့ မြေပြိုကန်ဆည် ကျိုးပေါက်မှာကို စစ်ကိုင်းတိုင်း ကလေးမြို့နယ်က ဒေသခံတွေက စိုးရိမ်ပူပန်နေကြတဲ့အတွက် ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ဖို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြင်ဆင်နေပါတယ်။

လတ်တလောမှာ အန္တရာယ်မရှိနိုင်ပေမယ့် မြေပြိုကန်ဆည် ပြိုကျတာ ကျိုးပေါက်တာ ဖြစ်လာရင် ကလေးမြို့တစ်ခုလုံး ရေလွှမ်းမသွားအောင် နုန်းတားဆည် တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။


ဒါ့အပြင် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေ ထားရှိမယ့် ဂိုထောင်တွေ၊ ဒေသခံတွေကို ဘေးကင်းတဲ့ နေရာရွှေ့ပြောင်းရမယ့်နေရာတွေ၊ အရေးပေါ်သုံးဖို့ စက်တပ်လှေတွေ ၊ ကယ်ဆယ်ရေး လုပ်ငန်းတွေ အတွက် ကြိုတင်အသိပညာပေးတာတွေကို စတင်ဆောင်ရွက်နေတယ်လို့လည်း ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ချင်းပြည်နယ် တွန်းဇံမြို့နယ် ဟန်ကင်ကျေးရွာအနီးမှာ ဖြစ်ပေါ်နေတဲ့ မြေပြိုကန်ဆည်ဟာ ပြီးခဲ့တဲ့နှစ် မိုးတွင်းကာလမှာ တောင်တွေ ပြိုကျရာကနေ ဆည်ကြီးဖြစ်ပေါ်နေတာဖြစ်ပါတယ်။ အဲဒီဆည် အနီးတ၀ိုက်မှာ ဆည်ငယ် ၅ ခုလောက် ရှိနေပြီး အောက်ဖက်မှာ ရာဇဂြိုဟ်ဆည်လည်း တည်ရှိနေ ပါတယ်။

မြေပြိုကျတာ၊ ငလျင်လှုပ်တာ၊ မိုးကြီးတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာတဲ့အခါ အဲဒီဆည်တွေကြောင့် ကလေးမြို့တစ်ခုလုံး ရေဖုံးလွှမ်းသွားနိုင်တဲ့အတွက် ဒေသခံတွေက စိုးရိမ်ပူနေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့ကစပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ဆည်မြောင်းဝန်ကြီးဌာနက ကျွမ်းကျင်ပညာရှင်တွေနဲ့ လူမှုအဖွဲ့အစည်းတွေက စစ်ကိုင်းတိုင်း ကလေးမြို့၊ ချင်းပြည်နယ် တွန်းဇံမြို့တို့မှာ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပြီး အဲဒီဆည်တွေကိုလည်း သွားရောက်လေ့လာခဲ့တာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
မြေပြိုကန်ဆည် ကျိုးပေါက်မှုမဖြစ်ရန် ကြိုတင်ကာကွယ်  မြေပြိုကန်ဆည် ကျိုးပေါက်မှုမဖြစ်ရန် ကြိုတင်ကာကွယ် Reviewed by THITHTOOLWIN on 17:26 Rating: 5
Powered by Blogger.