ဧရာဝတီမြစ်ရေတိုးလာ၍ ကသာမြို့နယ်အနီး စိုက်ပျိုးထားသော မြေပဲခင်းများ ရေမြုပ်


ကသာ ဧပြီ ၂၇

ကသာမြို့နယ်အနီး၌ ဧရာဝတီမြစ်ရေတိုးလာ၍ မြို့အနီးရှိကျေးရွာများတွင် စိုက်ပျိုးထားသော ဆီထွက်သီးနှံ မြေပဲပင်များ ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။

မြေပဲစိုက်ပျိုးထားသည့် တောင်သူတစ်ဦးက ယခုဧပြီလအတွင်း ဧရာဝတီ မြစ်ရေတိုးခြင်း၊ မြစ်ကမ်းပါးများပြိုကျခြင်းနှင့် စိုက်ခင်းများ ရေနစ်မြုပ်ခြင်းကြောင့် အရှုံးကာမိရေးအတွက် မြေပဲဆန်တစ်တင်းလျှင် ၁၂၀၀ ကျပ်နှုန်းဖြင့် လုပ်သားများငှားရမ်း၍ မြေပဲများနုတ်နေကြသော်လည်း လိုအပ်သလောက် လုပ်သားဦးရေ မရသဖြင့် မြေပဲစိုက်တောင်သူများကိုယ်တိုင် လုပ်ကိုင်နေကြရကြောင်း၊ ထိုသို့လုပ်ကိုင်နေသော်လည်း ရေမှာ ပိုမိုမြင့်တက်လာနေပြီး မြေပဲပင်များကို ပို၍ရေမြုပ်လာခြင်းကြောင့် အရှုံးများလျက်ရှိကြောင်း ပြောသည်။

မြစ်ရေတိုးလာခြင်းကြောင့် နစ်မြုပ်ခဲ့သော စိုက်ခင်များ၊ နစ်မြုပ်ဆဲစိုက်ခင်းများနှင့် ဆက်လက်၍ မြစ်ရေတိုင်းလာလျှင် နစ်မြုပ်နိုင်သေးသည့် ဆီထွက်မြေပဲပင်များ၏ အခြေအနေများ၊ ကျေးရွာများမှ ပြည်သူများ စိုက်ပျိုးထားသော သီးနှံပင်များ၏ အခြေအနေကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ အဖွဲ့များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ဧပြီ ၂၅ ရက်က ကွင်းဆင်းကြည့်ရှုခဲ့သည်။

ထို့အတူ ဧရာဝတီမြစ်ရေတိုး၍ ရေနစ်မြုပ်သော ကသာမြို့နယ်အတွင်း ကျောက်ထုံးကြီး၊ မိုးတားနှင့် အင်းရွာဒေသများမှ မြေပဲစိုက်ခင်းများ၊ လူနေအိမ်ခြေများ ပျက်စီးဆုံးရှုံးမှု ဆိုးရွာစွာ မဖြစ်ပေါ်စေရေးအတွက် လိုအပ်သည်များ မှာကြားကာ အကူအညီများ ပေးခဲ့ကြောင်း သိရသည်။

ကသာမြို့၌ ဧရာဝတီမြစ်ရေသည် ဧပြီ ၂၅ ရက်တွင် ၇၃၄ စင်တီမီတာ ရှိနေပြီး မြို့၏ စိုးရိမ်ရေမှတ်မှာ ၁၀၁၀ စင်တီမီတာ ဖြစ်၍ ကသာမြို့အနေဖြင့် မစိုးရိမ်ရသော်လည်း မြစ်ကမ်းတစ်လျှောက် စိုက်ပျိုးထားသော မြေပဲခင်းများ တွင်မူ ဆက်လက်ရေတိုးနေသဖြင့် အန္တရာယ်ဖြစ်ပေါ်နိုင်သောကြောင့် တောင်သူများအနေဖြင့် သီးနှံများကို စွန့်လွှတ်သင့်က စွန့်လွှတ်ကြရန်နှင့် ရေနက်ပိုင်းများသို့ မဆင်းကြရန်လည်း သက်ဆိုင်ရာဌာနများက လိုက်လံ အသိပေး နှိုးဆော်လက်ရှိသည်။

ငွေအိုး (ကသာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ဧရာဝတီမြစ်ရေတိုးလာ၍ ကသာမြို့နယ်အနီး စိုက်ပျိုးထားသော မြေပဲခင်းများ ရေမြုပ်  ဧရာဝတီမြစ်ရေတိုးလာ၍ ကသာမြို့နယ်အနီး စိုက်ပျိုးထားသော မြေပဲခင်းများ ရေမြုပ် Reviewed by THITHTOOLWIN on 08:14 Rating: 5
Powered by Blogger.