နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကိုင်တွယ်မည်


ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC ) အဖွဲ့၏ ပဉ္စမအကြိမ် အစည်းအဝေးကို နေပြည်တော် နိုင်ငံတော်ဧည့်ဂေဟာ ဟိုတယ် ဇုံအတွင်းရှိ Horizon Lake View Hotel တွင် ယနေ့ ဧပြီ ၂၆ ရက် နံနက် ၉ နာရီ ၄၅ အချိန်တွင်ပြုလုပ်ခဲ့သည်။ ယင်းအစည်းအဝေးတွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ဧပြီလ ၂၇ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးမှုများ ဆက်ပြုလုပ်ရေး ထည့်သွင်းဆွေးနွေးခဲ့သည်။


အစည်အဝေး၌ JMC ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်(တပ်မတော်)က “မနက်ဖြန်မှာ ငြိမ်းချမ်းရေးကို တာဝန်ယူမယ့် နိုင်ငံတော်အတိုင်ပင်ခံနဲ့လည်း JMC အနေနဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။ ဒီအကြောင်းကို ဘာတွေဆွေးနွေးမယ်ဆိုတာကို ဒီအခမ်းအနားမှာ ညှိနှိုင်းဆောင်ရွက်သွားဖို့ ရှိပါတယ်”ဟု ထည့် သွင်းပြောကြားခဲ့သည်။

ထို့ပြင် JMC ၏ ဒုတိယဥက္ကဌ (၁) ဗိုလ်ချုပ် စောအိုင်းဇက်ဖိုး (တိုင်းရင်းသာလက်နက်ကိုင်) က “ကျနော်တို့က ဒီလက်နက်ကိုင်ပဋိပက္ခပြဿနာတွေကို နိုင်ငံရေးနည်းနှင့်ဖြေရှင်နိုင်ဖို့အတွက် ဆက်လုပ်သွားရမှာ ဖြစ်ပါတယ်။အပစ်ခတ်ရပ်စဲရေးလုပ်ငန်းစဉ်ကတဆင့် အပစ်ခတ်ရပ်ဆိုင်ရေး၊ တည်ငြိမ်မှုရှိအောင် ကျနော်တို့ JMC ကနေပြီးတော့ ဆွေးနွေးသွားရမှာဖြစ်ပြီးတော့ နိုင်ငံရေးဆွေးနွေးမှုအပိုင်းမှာ ကျနော်တို့ ဆွေးနွေးအဖြေရှာပြီး ဖြေရှင်းသွားရမှာဖြစ်သလို နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ ငြိမ်းချမ်းရေးဆွေးနွေးမှု အခွင့်အရေးကို ပထမဆုံးရရှိခဲ့တာဖြစ်သလို နောက်တက်လာတဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်တကွ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ကလည်း ကျနော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ဆက်လက်ပြီးတော့ အကောင်အထည်ဖော်သွားမယ်လို့ ပြောကြားထားတဲ့အတွက် ကျနော်တို့အနေနဲ့ ၀မ်းသာမိပါတယ်”ဟု ပြောကြားသည်။

ပြုလုပ်ဆဲဖြစ်သည့် အစည်းအဝေးတွင် JMC အဖွဲ့အနေဖြင့် ဗဟိုရုံးအဖွဲ့နှင့် ပြည်နယ်ရုံးအဖွဲ့များ၏ လုပ်ငန်းလမ်းညွန်ချက်အရ ခန့်အပ်မည့်ဝန်ထမ်းများအတွက် တာဝန်နှင့်လုပ်ပိုင်ခွင့် ဆွေးနွေးအတည်ပြုခြင်း၊ အရပ်သားကိုယ်စားလှယ် ဒုတိယဥက္ကဌ၊ အလှည့်ကျ လွှဲပြောင်းခြင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်ဆွေးနွေးမည့် အစီအစဉ်အပေါ် ဆွေးနွေးညှိနှိုင်းခြင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့် ကြည့်ရေးကော်မတီများဖွဲ့စည်းခြင်းကိစ္စ အစရှိသည်တို့အပေါ် ဆွေးနွေးတင်ပြခြင်းခဲ့ကြသည်။

ခိုင်ထူး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကိုင်တွယ်မည်  နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကိုင်တွယ်မည် Reviewed by THITHTOOLWIN on 16:13 Rating: 5
Powered by Blogger.