ကျောင်းသားများ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများအပါအဝင် နိုင်ငံရေး အကျဉ်းသားများစွာ လွှတ်ပြီ


ရန်ကုန် ဧပြီ ၈

ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှ လွတ်ရက်စေ့အကျဉ်သား ၄၄၂ ဦး ဧပြီ ၈ ရက်တွင် လွတ်မြောက်လာခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတစ်ဦးသာ လွတ်မြောက်ခဲ့ကြောင်း သိရသည်။ ယခုလွှတ်ပေးလိုက်သည့် အကျဉ်းသားများသည် လွတ်ရက်စေ့သူများ၊ သင်္ကြန်ပိတ်ရက်တွင် လွတ်မြောက်မည့်သူများကို လွှတ်ပေးခြင်းဖြစ်ကြောင်း၊ လွတ်ငြိမ်းချမ်းသာခွင့်မဟုတ်ကြောင်း အင်းစိန်အကျဉ်းထောင်မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 ထို့ပြင် မန္တလေး အိုးဘိုအကျဉ်းထောင်တွင် လွတ်ရက်စေ့ အကျဉ်းသား ၂၁၁ ဦးလွတ်မြောက်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ပါဝင်ခြင်းမရှိသကဲ့သို့ တောင်ငူထောင်တွင်လည်း အကျဉ်းသား ၃ဝ၊ စစ်တွေအကျဉ်းထောင်တွင် ၂၃ ဦးလွှတ်ပေးခဲ့သည်။

 နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ နော်အုန်းလှ အပါအဝင် တက်ကြွလှုပ်ရှားသူများဖြစ်သည့် ဦးနေမျိုးဇင်၊ ကိုတင်ထွဋ်ပိုင်နှင့် ၈၈ မျိုးဆက်မမီးမီးတို့လည်း ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် တရားရုံးတွင် အမှုပိတ်သိမ်းပြီး လွှတ်ပေးလိုက်ကြောင်း သိရသည်။

 လက်ပံတန်း အကျဉ်းထောင်ရှိ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး သပိတ်မှောက် ဆန္ဒပြခဲ့သည့် ကျောင်းသားများနှင့် ဝန်းရံပြည်သူ ၆၉ ဦးတို့နှင့် အတူ ကိုမင်းသွေးသစ်၊ မဖြိုးဖြိုးအောင်နှင့် ကိုနန္ဒစစ်အောင်တို့ပါ လွတ်မြောက်ခဲ့ပြီဖြစ်သည်။

 ယနေ့ကျောင်းသားများကို လွှတ်ပေးခြင်းသည် ပုဒ်မ ၄၉၄ နှင့် လွှတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 ကျောင်းသားများနှင့် ဝန်းရံပြည်သူများသည် အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သည့်အနေဖြင့် မန္တလေးမှ ရန်ကုန်သို့ စစ်ကြောင်းသုံးကြောင်းခွဲ ချီတက်ဆန္ဒပြခဲ့ကြသည့်အတွက် ၂ဝ၁၅ ခုနှစ် မတ် ၁ဝ ရက်က လက်ပံတန်းမြို့တွင် အကြမ်းဖက်ဖြိုခွင်းခံရပြီး သာယာဝတီထောင်တွင် ဖမ်းဆီးထားသည်မှာ တစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်သည်။

(ယုဇန)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ကျောင်းသားများ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများအပါအဝင် နိုင်ငံရေး အကျဉ်းသားများစွာ လွှတ်ပြီ  ကျောင်းသားများ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများအပါအဝင် နိုင်ငံရေး အကျဉ်းသားများစွာ လွှတ်ပြီ Reviewed by THITHTOOLWIN on 06:47 Rating: 5
Powered by Blogger.