ဦးသိန်းစိန်အစိုးရအား အိုးမည်းသုတ်ပေးလိုက်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်


ဦးသိန်းစိန်အစိုးရအဖွဲ့၏ သက်တမ်းမကုန်ဆုံးမီ ရက်ပိုင်းအလို မတ်လနောက်ဆုံးပတ်ထဲတွင် အပန်းဖြေစခန်း၊ ရုံးခန်းအဆောက်အအုံ၊ ဆိပ်ကမ်းအဆောက်အအုံ၊ စက်ရုံအလုပ်ရုံ၊ လမ်းပြုပြင်ရေး အစရှိသည့် စီမံကိန်းများ ပါဝင်သည့် အကြီးစားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၄၈ ခုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေး လိုက်ကြောင်း သိရသည်။ ယင်းသို့ တက်သုတ်ရိုက်ကာ ချထားခွင့်ပြုလိုက်ခြင်းအပေါ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)အား ၀ိုင်းဝန်းဝေဖန်သံများ ပေါ်ထွက်ခဲ့သည်။ ခွင့်ပြုပေးလိုက်သည့် စီမံကိန်းများထဲတွင် အငြင်းပွားဖွယ်ရာ စီးပွားရေးလုပ်ငန်းအချို့ပါဝင်နေပြီး ပြည်တွင်းရှိ ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်အချို့ စီမံကိန်း အများစုကို လက်ဝါးကြီးအုပ်ရရှိသွားခြင်းမျိုးလည်းပေါ်လွင်နေသည်ဟု ပြောဆိုနေကြသည်။ ထို့ပြင် ယခုတက် သုတ်ရိုက်ချပေးခဲ့သည့် စီမံကိန်းများသည် MIC ၏ နောက်ဆုံးပိတ်လုပ်ကိုင်ခွင့်ပေးခြင်းလည်းဖြစ်သည်ဟု သိရ သည်။

MIC သည် အစိုးရအပြောင်းအလဲလုပ်ခါနီးကလေး ရက်ပိုင်းအလိုတွင် အကြီးစားရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို လုပ်ကိုင်ခွင့်ချထားပေးခြင်းသည် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်တွင် အတည်ပြုပြီးသော အရေးကြီးအဆို တရပ်ကို မထီမဲ့မြင်ပြုရာကျနေသည်။ ထို့ပြင် ဦးသိန်းစိန်အစိုးရအဖွဲ့သည် ဒုတိယအကြိမ်လွှတ်တော်များကို ဂရုစိုက်စရာမလိုဟူသောသဘောကိုလည်း ပြသသွားခဲ့ခြင်းဖြစ်သည်။ ဖေဖော်ဝါရီလအတွင်းက ပုလဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ရွေးကောက်ပွဲအပြီး ဆောင်ရွက်နေသော နိုင်ငံပိုင်မြေ၊ စက်ရုံ၊ စီးပွားရေးလုပ်ငန်းများကို အလျင်စလို ငှားရမ်းရောင်းချမှု၊ စီမံကိန်းများကို အဆောတလျင် ခွင့်ပြုနေမှု၊ ကျူးကျော်များကို အဓမ္မဖယ်ရှားမှု၊ သယံဇာတများကို သဘောတူညှိနှိုင်းမှုမရှိဘဲ အစိုးရတာဝန်မလွှဲပြောင်းမီ အလျင်အမြန်စီမံနေမှုကို စိစစ်ဟန့်တားပေးရန်အစိုးရကို တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ပြည်သူ့ လွှတ်တော်သို့ တင်သွင်းခဲ့သည်။ ယင်းအဆိုသည် အရေးတကြီးတင်သွင်းသော အဆိုအမှန်ပင်ဖြစ်သည်။ ဦးသိန်းစိန်အစိုးရအဖွဲ့ အာဏာပိုင်များသည် ရွေးကောက်ပွဲရှုံးနိမ့်ပြီဆိုကတည်းက လုပ်ပိုင်ခွင့်များ အပြည့် အ၀အသုံးချကာ စီမံကိန်းများ၊ မြေယာသိမ်းဆည်းမှုများ၊ သယံဇာတတူးဖော်ခြင်းများ၊ အရာရှိကြီးများ နေရာ တည်မြဲရေး ရာထူးတိုးနေရာပြောင်းရွှေ့ခန့်ထားခြင်းများကို အလျင်အမြန်လုပ်ဆောင်ခဲ့သည်မှာ မြင်မကောင်း ကြားမကောင်းအောင် ရှိခဲ့သည်။

ဒေါ်ခင်စန်းလှိုင်၏အရေးကြီးအဆိုကို တပ်မတော်သားကိုယ်စားလှယ်အချို့၊ ကြံ့ခိုင်ရေးကိုယ်စားလှယ်အချို့ ကန့်ကွက်ကြသည်။ သို့သော် ထိုအဆိုကို ထောက်ခံမဲ ၂၇၁ မဲဖြင့် ပြည်သူ့လွှတ်တော်တွင် အတည်ပြုခဲ့သည်။ သို့သော် ယင်းအတည်ပြုပြီးအဆိုကို မျက်ကွယ်ပြုကာ ဦးသိန်းစိန်အစိုးရကတော့ အစိုးရတာဝန်မလွှဲပြောင်းမီ ရသလောက်လုပ်သွားခဲ့သည်။ ယင်းတို့အထဲတွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနက ဒေါ်လာ ၆၂ သန်း ရင်းနှီးမြှုပ်နှံမည့် နိုင်ငံတကာအဆင့်မီ တညင်းကုန်း သားငါးထုတ်ကုန် ရောင်းဝယ်ရေးစီမံကိန်းကြီးလည်း ပါဝင်သည်။ အင်းစိန်မြို့နယ်တွင်းရှိ မြေဧရိယာ ၆၄ ဒသမ ၅၄ ဧက ကျယ်ဝန်းသည့်မြေနေရာတွင် တည်ဆောက်မည့် သားငါးဈေးစီမံကိန်းကို GDC ကုမ္ပဏီ (Golden Dragon Construction) သို့ နှစ်လအတွင်း အလျင်အမြန် ချထားပေးခဲ့သည်။ ယင်းမြေနေရာသည် နဂိုမူလက ဒေသခံ တောင်သူများပိုင်ဆိုင်သော လယ်ယာမြေများဖြစ်သည်။ ယင်းလယ်မြေများကို စက်မှု(၁)၀န်ကြီးဌာနက ဦးစွာ သိမ်းသည်။ ထို့နောက် တောင်သူများသို့ ပြန်လည်စွန့်လွှတ်ပေးသည်။ သို့သော် တောင်သူများ လက်ထဲသို့ မရောက်၊ ကြားက မွေး/ရေနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနက လက်လွှဲယူခဲ့သည်။ ထို့နောက် သားငါးဈေး ဆောက်ရန် ဖြစ်လာသည်။ ယခု အရှုပ်အရှင်းဖြစ်ပေါ်နေသည်။

ဒေါ်ခင်စန်းလှိုင်၏ အရေးကြီးအဆိုအတည်ပြုပြီး မကြာခင်မှာ ရန်ကုန်မြို့သစ်စီမံကိန်းအား ပုဂ္ဂလိကကုမ္ပဏီ သုံးခု ပူးပေါင်းလုပ်ဆောင်ရန် ထွက်ပေါ်လာသည်။ ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရန် တင်ဒါ တင်သွင်းထားသည့် ရန်ကုန်အနောက်တောင်ဒေသဖွံ့ဖြိုးရေးအများနှင့်သက်ဆိုင်သော ကုမ္ပဏီ၊ Business Capital City Development Ltd နှင့် ရွှေသံလွင်ကုမ္ပဏီ၏ ကုမ္ပဏီခွဲဖြစ်သည့် ရွှေပုပ္ပါးအပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီလီမိတက် သုံးခုစလုံးကို ပူးပေါင်းလုပ်ကိုင် ခွင့်ပြုကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ သစ်တောနှင့်စွမ်းအင် ၀န်ကြီးဦးကျော်စိုးက ပြောခဲ့သည်။ ယင်းရန်ကုန်မြို့သစ်စီမံကိန်းသည် စတင် အကောင်အထည်ဖော်မည်ဆိုကတည်းက ပွင့်လင်းမြင်သာမှုမရှိခဲ့ဘဲ နောက်ကွယ်တွင် တရုတ်အမျိုးသားပိုင် ကုမ္ပဏီများရှိနေခဲ့သည်ဟု သတင်းကြီးခဲ့သည်။ ထို့နောက် ၂၀၁၄ စက်တင်ဘာ ၂၆ ရက် ပထမအကြိမ် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်က ယင်းစီမံကိန်းကို ရုပ်သိမ်းကြောင်း ကြေညာခဲ့သည်။ ထို့နောက် ၂၀၁၅ တွင် တကျော့ပြန်ပေါ်လာသည်။ ယခု ရန်ကုန်တိုင်းအစိုးရအဖွဲ့ သက်တမ်းကုန်လုကုန်ခါနီးတွင် ပြည်တွင်းထိပ်သီး ကုမ္ပဏီ၏သုံးခုကို ပူးပေါင်းလုပ်ဆောင်ရန် ချပေးခဲ့သည်။

ပြည်သူ့လွှတ်တော်တွင် အတည်ပြုပြီးသော အရေးကြီးအဆိုကို ပြောင်ပြောင်တင်းတင်း ဂရုမစိုက်ဘဲ မျက်နှာ ပြောင်တိုက်ခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏လုပ်ရပ်ကတော့ ဦးသိန်းစိန်အစိုးရကို ဆင်းခါနီး အကြီးအကျယ် အိုးမည်းသုတ်လိုက်ခြင်းဟု မှတ်ယူနိုင်သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် လစဉ်ပြုလုပ်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းခွင့်ပြုရေးဆိုင်ရာ အစည်း အဝေးများတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ငါးခုမှ ၂၀ ခုအထိသာ အများဆုံးခွင့်ပြုလေ့ရှိသော်လည်း အစိုးရ သက်တမ်း၏ နောက်ဆုံးပိတ်ခွင့်ပြုခြင်းအဖြစ် စီးပွားရေးလုပ်ငန်းများစွာကို မတ်လ ၂၅ ရက်က ခွင့်ပြုပေးသွား ခဲ့လေသည်။ ခွင့်ပြုပေးခဲ့သည့် လုပ်ငန်းများတွင် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလည်း ပါဝင်သည်။ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလည်း ပါဝင်သည်။ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုတွင် ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများနှင့် သင်္ဘောဆိပ်ဧရိယာ များတွင် လိုအပ်သည့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးတည်ဆောက်မှု စီမံကိန်းအတွက် အစိုးရ တင်ဒါ အောင်ထားသည့် ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် စီဘီဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးပိုင်သည် ကောင်းမြန်မာ အောင်သင်္ဘောလိုင်းကုမ္ပဏီကို ခွင့်ပြုခဲ့သည်။ ထို့ပြင် ၎င်း၏ကုမ္ပဏီခွဲတခုဖြစ်သည့် New City Development ကုမ္ပဏီကလည်း ရန်ကုန်မြို့ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်း အပေါ့စား စက်မှုဇုန်စီမံကိန်းနှင့် အခြား ကုမ္ပဏီခွဲတခု ဖြစ်သည့် ကေတုမတီကုမ္ပဏီက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့အတွင်း စီးပွားရေးလုပ်ငန်း ဆိုင်ရာ စက်မှုဇုန်တည်ဆောက်ငှားရမ်းခြင်း စီမံကိန်းနှစ်ခုကို ရင်းနှီးမြှုပ်နှံခွင့်ရရှိခဲ့သည်။ ယင်းကုမ္ပဏီသည် မြေသိမ်းကိစ္စများဖြင့် ဒေသခံများနှင့် ပြဿနာတက်နေဆဲ ကုမ္ပဏီဖြစ်သည်ဟု သိရသည်။

ထို့ပြင် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုများအဖြစ် New Downtown Development Public ကုမ္ပဏီကို ဗိုလ်တထောင် နန်းသီတာဆိပ်ကမ်းနယ်မြေအတွင်း ဈေးဝယ်စင်တာများ၊ လက်လီအရောင်းဆိုင်များနှင့် ရုံးခန်းများပါဝင်မည့်စီမံ ကိန်းကို ခွင့်ပြုခဲ့သည်။ ခိုင်ဦးကုမ္ပဏီလီမိတက်သည်လည်း သန်လျင်-ကျောက်တန်း သီလ၀ါဆိပ်ကမ်းနယ်မြေ မြေကွက် အမှတ် ၂၃ တွင် ကုန်တင်ကုန်ချဆိပ်ကမ်းများနှင့် ဆိပ်ခံတံတားတည် ဆောက်ရေးလုပ်ငန်းနှင့် သီလ၀ါဆိပ်ကမ်းဧရိယာမြေကွက်အမှတ် ၂၇ တွင် ဆိပ်ခံတံတား၊ အခြားအဆောက်အအုံများ တည်ဆောက် ရေးစီမံကိန်းများကို သီလ၀ါအများပိုင်ကုမ္ပဏီ၏ မြန်မာဘက်က ကုမ္ပဏီတခုဖြစ်သည့် မြန်မာနိုင်ငံ စားသုံးဆီ လုပ်ငန်းဆိုင်ရာ အများပိုင်ကုမ္ပဏီတို့က ရရှိခဲ့သည်။ ထို့ပြင် ဟံသာဝတီဖွံ့ဖြိုးရေး အများပိုင်ကုမ္ပဏီလီမိတက်က ပဲခူးတိုင်းဒေသကြီး အင်းတကော်ဒေသ၊ ရန်ကုန်-ပဲခူး အမှတ်(၂)လမ်းမ အနီးရှိ မြေဧရိယာ ၂၄၅၅ ဒသမ ၇၇ ဧကပေါ်တွင် အဆင့်မြင့်အိမ်ရာ စီမံကိန်းတခုကို လုပ်ကိုင်ခွင့်ရခဲ့သည်။ ပြည်တွင်းဆောက်လုပ်ရေးကုမ္ပဏီများ ဖြစ်သည့် မြကန်အင်ဂျင်နီယာ ရင်းကုမ္ပဏီ၊ ထူးနိုင်လင်းကုမ္ပဏီနှင့် လင်းရွှေစင်ကုမ္ပဏီသုံးခုကိုလည်း လမ်းခင်း ကျောက်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုခဲ့သည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် သည် ယခင်က လခစားလုပ်ငန်းများသာ အများဆုံးခွင့်ပြုခဲ့သော်လည်း ယခု စက်မှုဇုန်၊ အိမ်ရာတည်ဆောက် ရေး၊ ဟိုတယ်လုပ်ငန်း၊ ဆိပ်ကမ်းတည်ဆောက်ရေးလုပ်ငန်းများကို အများဆုံးခွင့်ပြုပေးခဲ့သည်။ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုခွင့်ပြုခြင်းများကို ကြည့်ပြန်လျှင်လည်း ဤသို့ တွေ့ရပြန်သည်။

New Stand Development ကုမ္ပဏီသည် အလုံမြို့နယ်ရှိ အမှတ်(၁) အလုံဆိပ်ကမ်းနှင့် ကုန်တင်ကုန်ချ နေရာများတွင် ရုံးခန်းအဆောက်အအုံများ၊ လက်လီအရောင်းဆိုင်များ၊ ဟိုတယ်နှင့် လူနေတိုက်ခန်းများပါဝင် သည့် စီမံကိန်းကို လုပ်ကိုင်ခွင့်ရခဲ့သည်။ ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် မြင်သာမြို့၊ ထီးခီး ကျေးရွာ၌ ဟိုတယ်လုပ်ငန်းတခု တည်ဆောက်ရန် ထိုင်းကုမ္ပဏီတခုဖြစ်သော Pongpipat Development ကုမ္ပဏီကို ခွင့်ပြုခဲ့သည်။ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ် ကန်ဘဲ့ရှိ မြေဧရိယာ ၁၁ ဒသမ ၇၅၃ ဧကပေါ်တွင် ဟိုတယ်၊ ရုံးခန်း၊ လက်လီဝန်ဆောင်မှု လုပ်ငန်းဌာနများနှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံများ ပါဝင်သည့် စီမံကိန်းတခုကိုလည်း KT Development ကုမ္ပဏီလီမိတက်က လုပ်ကိုင် ခွင့်ရရှိခဲ့သည်။ ထို့ပြင် စင်ကာပူ အခြေစိုက် Sembcorp ကော်ပိုရေးရှင်းသည် ပြည်တွင်းကုမ္ပဏီတခုနှင့်ပူးပေါင်းပြီး မြင်းခြံသဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းတခုကိုရရှိခဲ့ပြီး၊ မလေးရှားနိုင်ငံအခြေစိုက် OCK ကုမ္ပဏီသည်လည်း ဆက်သွယ်ရေးနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းစီမံကိန်းကို ရရှိခဲ့သည်။ ထို့ပြင်လည်း ပြည်တွင်းရွှေသံလွင်ကုမ္ပဏီသည် ဂျပန်နိုင်ငံ နာမည်ကြီး လေကြောင်းလိုင်းတခုဖြစ်သော ANA လေကြောင်း လိုင်း၏ ကုမ္ပဏီ ANA Holdings နှင့် ပူးပေါင်းကာ Asian Blue ဟူသော လေကြောင်းလိုင်းသစ်ကို တည်ဆောက်လုပ်ကိုင်ခွင့်ရသွားခဲ့ပါကြောင်း လေ့လာသိရှိလိုက်ရသည်။

ဦးသိန်းစိန်အစိုးရ ငါးနှစ်တာကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၄၁၄ ဘီလီယံကျော်တန်ဖိုးရှိသည့် လုပ်ငန်းများကို ခွင့်ပြုပေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ကြေညာခဲ့သည်။ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့်လည်း ၁၉၈၈ ခုနှစ်မှ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအထိ လုပ်ငန်းပေါင်း ၁၁၂၉ ခု၊ ကျပ်ဘီလီယံပေါင်း ၇၀၅၀ ဒသမ ၂၂၉ ကျော် တန်ဖိုးရှိ လုပ်ငန်းများကို ခွင့်ပြုပေးနိုင် ခဲ့ကြောင်းလည်း ဆိုခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုများမှာ နိုင်ငံခြားရော၊ နိုင်ငံသားများပါပေါင်းလျှင် တိုင်းပြည်အတွက် အားရစရာကောင်းနေပါပေါ့ဟု ဆိုရမည်။ သို့သော် အားရစရာကောင်းခြင်းမှာ လုပ်ငန်းရှင်အတွက်လား၊ ပြည်သူ အတွက်လား၊ နိုင်ငံတော်အတွက်လား၊ အစိုးရအဖွဲ့အတွက်လားဟူသည် လားရာကိုလည်း ထည့်စဉ်းစားရပါ မည်။ လုပ်ငန်း ရှင်အတွက်ကသာများနေပြီး အခွန်အခများကို ရှောင်တိမ်းနေမည်ဆိုလျှင် နိုင်ငံတော်အတွက် လည်း မကောင်း၊ ပြည်သူအတွက်လည်း မကောင်းသော ရင်းနှီးမြှုပ်နှံမှုဟု ဆိုရပါမည်။

ယခု ဦးသိန်းစိန်အစိုးရအဖွဲ့ဆင်းခါနီးလေးတွင် အလျှင်အမြန် တက်သုတ်ရိုက်ချထားပေးခဲ့သော နိုင်ငံသားနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊ စီမံကိန်းများကိုလည်း နိုင်ငံတော်နှင့် နိုင်ငံသားပြည်သူများ၏ အကျိုးစီးပွား မည်မျှပါဝင်နေသနည်း၊ မည်မျှဖြစ်ထွန်းနိုင်မည်နည်းကို ပြန်လည်စိစစ်ရန် လိုပါသည်ဟု မြင်မိသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ချထားပေးသည့် လုပ်ငန်းများ၊ စီမံကိန်းများသည် ယခုအခါ ပွင့်လင်းမြင်သာမှု အားနည်းပြီး အဂတိတရားများနှင့် ငြိစွန်းနေသည်ဟု သတင်းများထွက်ပေါ်နေ၍ ဖြစ်သည်။ MIC ကိုယ်တိုင်က ပင်လျှင် အစိုးရအဖွဲ့ အလွှဲအပြောင်း လေးငါးရက်အတောအတွင်းကလေးကို မစောင့်နိုင်ဘဲ လုပ်ကိုင်ခွင့်များ အလျင်အမြန် ချထားပေးခြင်းကပင် အဂတိတရားနှင့် ငြိစွန်းနေပေပြီဟု မှတ်ယူနိုင်သည်။ ထို့ပြင် ချထားပေး သော လုပ်ငန်းများ၊ စီမံကိန်းများ အချို့တည်နေရာများသည် မြေယာသိမ်းဆည်းမှု အရှုပ်အရှင်းမကင်းသေး ကြောင်း ကြားသိရသည်။ လုပ်ကိုင်ခွင့်ရသည့် အချို့သောကုမ္ပဏီ၊ အများပိုင်ပါသည်ဟု ခေါ်နေသော ကုမ္ပဏီ များသည် အခွန်ထိမ်ချန်ခြင်းများ၊ ရှောင်တိမ်းခြင်းများ ရှိနေသည်ဟုလည်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုဥပဒေအရ ခွင့်ပြုချက်များသည် ဘောင်ဝင်၊ မ၀င်ကိုလည်း ပြန်လည်စစ်ဆေးသင့်သည်ဟု ပြောနေကြ သည်။

မြန်မာနိုင်ငံသည် စစ်မှန်သော ဈေးကွက်စီးပွားရေးစနစ် အပီအပြင် ပေါ်ပေါက်ရန်လိုနေသည်။ ထိုသို့ ပေါ်ပေါက် ရန်အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းတွင်လည်း ယင်းအချက်ကို ထည့်သွင်းရေးဆွဲ ထားသည်။ စစ်မှန်သော ဈေးကွက်စီးပွားရေးစနစ်ဖြစ်ပေါ်ရန် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ကမ်းမှန်လမ်း မှန်ရန်လိုပါသည်။ ထို့အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် တာဝန်ရှိသည်။ MIC သည် ခေါင်မိုးမလုံ လျှင်တော့ မြန်မာနိုင်ငံတွင် လက်ဝါးကြီးအုပ်စီးပွားရေးစနစ်သာ ထွန်းကားနေဦးမည်ဟု ဈေးကွက်ဆိုင်ရာ စီးပွား ရေးပညာရှင်များက သုံးသပ်ကြသည်။ ဖြစ်နိုင်လျှင် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်အား လူပြောင်း၊မူပြောင်းဖြင့် ပြန်လည်ဖွဲ့စည်းသင့်နေကြောင်းလည်း ဝေဖန်သံများ ပေါ်ထွက်နေပါသည်။

မောင်လွင်ပြင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ဦးသိန်းစိန်အစိုးရအား အိုးမည်းသုတ်ပေးလိုက်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်  ဦးသိန်းစိန်အစိုးရအား အိုးမည်းသုတ်ပေးလိုက်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် Reviewed by THITHTOOLWIN on 18:05 Rating: 5
Powered by Blogger.