မန်းရွှေမြို့က အလုံပိတ်အခန်းများနဲ့ ကော်ဖီဆိုင်များ


ခေတ်အဆက်ဆက် ကိုယ်ကျိုးပဲကြည့် ထင်ရာစိုင်းခဲ့ကြတဲ့ အုပ်ချုပ်သူအာဏာရှင်များနဲ့ အပေါင်းပါများကြောင့် ကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှုမြို့တော်ဖြစ်တဲ့ မန္တလေးမြို့ရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ လူထုအပန်း ဖြေဥယျာဉ်ပန်းခြံတွေ လူထုကွင်းကြီးတွေအကုန်လုံးနီးပါးပျက်စီးကွယ်ပျောက်ကုန်သလောက်ပါပဲ။ အဲ့ဒါရဲ့နောက် ဆက်တွဲအကျိုးဆက်အဖြစ် မန္တလေးမြို့မှာ ဆယ်စုနှစ်တခုကျော်သည်အထိ ယနေ့တိုင်မပျောက် မကွယ်တည်တံ့နေတာကတော့ အအေးဆိုင်၊ ကော်ဖီဆိုင်ဗန်းပြလူငယ်စုံတွဲတွေချိန်းတွေ့ဖို့ အလုံပိတ်ခန်း တွေပါတဲ့ ဆိုင်တွေပါပဲ။

ကန်တော်ကြီးစောင်းဘေးသွားလိုက်တာနဲ့စုံတွဲတွေကို အပြိုင်ခေါ်နေကြတဲ့ ကလေးငယ်တွေကို ယနေ့ထိတွေ့မြင်ရမှာပါ။ ''သီးသန့်ခန်းတွေရှိတယ် မွေ့ရာပါတယ်၊ ပန်ကာပါတယ်၊ အအေးခန်းလည်း ရှိတယ်''ဆိုတဲ့ အသံတွေကြားရမှာပါ။ သမီးရည်းစားစုံတွဲတွေ ၀င်ထွက်သွားလာကြတာ ပွဲတော်များအလားပါပဲ။ အခါကြီး ရက်ကြီးနဲ့ပိတ်ရက်များဆို အခန်းမအားလို့ ထိုင်စောင့်ကြရပါတယ်တဲ့။ အဲ့ဒီအနားမှာပဲ ဟိုတယ်လည်းရှိပါတယ်။ ဒီလိုချောင်ထဲကို ဘယ်လိုဧည့်သည်တွေ လာတည်းလည်းတော့မသိပေ။ အများအားဖြင့် လာကြတာကတော့ ကျောင်းသားအရွယ်လူငယ်စုံတွဲတွေပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့လပိုင်းကပဲ ဂျာနယ်ထဲမှာ ရတနာပုံတက္ကသိုလ်ကျောင်းနားက အလုံးပိတ်တဲတွေကို ဖော်ထုတ်ရေးခဲ့လို့ ဖမ်းဆီးမှုတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ ဖမ်းတုန်းခဏပါပဲ ခုပြန်လည်ပေါ်ပေါက်နေပြန်ပါပြီ။ အဖမ်းအဆီးရှိတယ်လို့ သတင်းရရင် ခဏပိတ်ထားလိုက်ကြပြီး ပြီးရင်ပြန်ဖွင့်ကြတာပါပဲ။

ဂျာနယ်ထဲသတင်းပါတုန်းသာ ထိုအလုံပိတ်တဲ့များကို အဖမ်းအဆီးပြခဲ့ပေမယ့် ယနေ့ထိ အပြုံးမပျက် ပန်းပန်လျက်ရှိနေတာကတော့ မြို့ထဲမှာရှိတဲ့ အလုံပိတ်အခန်းတွေပါတဲ့ ကော်ဖီဆိုင်တွေပါပဲ။ ခုဆိုလူမှုကွန်ရက်ပေါ်ထိ ပေါ်တင်ကြော်ငြာလာပြီး အတင့်ရဲလာကြပါတယ်။ ကြော်ငြာတဲ့အထဲမှာ အခန်းတိုင်း အဲယားကွန်းတပ်ထားတယ်။ တီဗွီ၊ ဒီဗွီဒီ တပ်ထားပေးတယ်၊ နှစ်ယောက်အိပ်ဖြစ်လောက်တဲ့ ဆိုဖာခုံချထားပေးပါတယ်တဲ့။ အခန်းခ တဆက်ရှင်တနာရီကို နှစ်ထောင်၊ သုံးထောင်အမျိုးမျိုးရှိပါတယ်။ ရေချိုးခန်း၊ အိမ်သာတွဲလျက်အခန်းတွေလည်းရှိပါတယ်တဲ့။ ထိုကဲ့သို့ ပေါ်တင်ကြော်ငြာတဲ့အထိ အတင့်ရဲနေ ကြပါပြီ။

စဉ်းစားကြည့်ကြပါ။ ဒီလိုကြော်ငြာတာတွေကိုကြည့်တာနဲ့ ဘာအတွက် ရည်ရွယ်ထားတယ်ဆိုတာ လူတိုင်း နားလည်မှာပါ။ သာမန်ကော်ဖီဆိုင်က ဆိုင်ထိုင်ခ တနာရီနှစ်ထောင်သုံးထောင်ပေးရပါ့မလား။ ထိုကဲ့သို့ အခန်းတွေပြင်ဆင်မှုတွေလိုပါ့မလား။ ပြီးတော့ ထိုဆိုင်များဟာ အစားအသောက်ကို အဓိကထားရောင်းချတာ မဟုတ်တာတွေ့ရပါတယ်။

မန္တလေးမြို့မှာ ဒီလိုအလုံပိတ်အခန်းတွေပါတဲ့ ကော်ဖီဆိုင်တွေ ဆိုင် ၂၀ ကျော်လောက်ထိရှိတယ်လို့ သိရပါတယ်။ ကျန်တဲ့ချောင်တွေထဲမှာဖွင့်ထားတဲ့ အလုံပိတ်တဲ့အအေးဆိုင်တွေ မီနီရုပ်ရှင်ရုံတွေပေါင်းရင်ဆိုင် ၅၀ ကျော်လောက်ထိရှိနိုင်ပါတယ်။ ဒီလောက်များပြားနေတဲ့နေရာတွေ အွန်လိုင်းအပေါ်ထိ အတင့်ရဲစွာကြေညာလာကြတာကို သက်ဆိုင်ရာအာဏာပိုင်တွေ မသိဘူးဆိုတာတော့ လုံးဝမဖြစ်နိုင်ပေ။ မသိဘူးဆိုရင် တော့ မန်းမြို့နေပြည်သူတွေသာ မေးကြည့်ကြပါတော့လို့ ပြောရမှာပါပဲ။

ဒါအပြင် အချိန်ပိုင်းနဲ့ တည်းခိုလို့ရတဲ့ တည်းခိုခန်းတွေ၊ ဟိုတယ်တွေလည်း အများကြီးရှိပါသေးတယ်။ ဒီလိုစိတ်ကွယ်ရာနေရာတွေဟာ လူငယ်တွေအတွက်ပျက်စီးစေဖို့အတွက် နေရာဌာနပါပဲ။ ယနေ့ ကျွန်တော်တို့ မန္တလေးမြို့မှာ အပေါဆုံးပြပါဆိုရင် အရက်ဘီယာဆိုင်၊ လောင်းကစား၊ မူးယစ်ဆေးဝါး၊ အလုံပိတ်အခန်းပါတဲ့ အအေးဆိုင်၊ ကော်ဖီဆိုင်များနှင့် အမျိုးသမီးငယ်တွေထားတဲ့ ကေတီဗွီတွေပါပဲ။
ဒီလိုအလုံပိတ်အခန်းတွေပါတဲ့ နေရာတွေဟာ လူငယ်စုံတွဲတွေ အတွက် လွတ်လွတ်လပ်လပ်ဆုံတွေ့လို့ရတဲ့ အရပ်ဒေသဖြစ်လာသလို လူငယ်အချို့အတွက်လည်း စိတ်ကြိုက်သုံးစွဲလို့ရတဲ့ နေရာဌာနတွေဖြစ် လာကြပါတော့တယ်။ လူငယ်တွေအတွက်တော့ စိတ်ကြိုက်ပျက်စီးချင်တိုင်းပျက်စီးလို့ ကောင်းနေတဲ့နေရာတွေပါပဲ။ အဆိုပါစုံတွဲဆိုင်များ၏ ကောင်းမှုကြောင့် ကျောင်းနေအရွယ်မိန်းကလေးတွေဟာ အချိန်မတန်မီ ကိုယ်ဝန်တွေရရှိကြ၊ ရောဂါများရရှိကြပြီး ငယ်ငယ်ရွယ်ရွယ်နဲ့လူမှုဒုက္ခ ပေါင်းစုံတွေ့ကြုံနေကြရပါတယ်။

ကဲ ဒီပြဿနာအတွက် အဖြေရှာကြည့်ရအောင်။ အပြစ်ရှိသူက သွားကြတဲ့လူငယ်တွေလား ဖွင့်တဲ့ဆိုင် တွေလား။ ဒီလိုနေရာတွေက မရှိသင့်ဘူး။ ဖမ်းဆီးအရေးယူသင့်တယ်။ ဟုတ်ပြီ ဒီလိုဖမ်းဆီးအရေးယူမှုတွေ လုပ်လိုက်တော့ရော အမှန်တကယ်ပပျောက်သွားပါမည်လား။ ၁၀ စုနှစ်တခုကျော်ကြာအထိ ပျောက်ကွယ်မသွားတာက သက်သေပါပဲ။ ဒါဟာ လက်တွေ့ကျတဲ့အဖြေတော့ မဟုတ်သေးပါဘူး။ မြားပစ်သူ နောက်ကိုမလိုက်ဘဲ မြားနောက်လိုက်နေလို့ကတော့ လမ်းဆုံးမည် မဟုတ်ပေ။ ထိုအလုံပိတ် အခပေးအခန်းတွေ လူငယ်တွေသွားကြတာနဲ့ပတ်သက်ပြီး အဓိကကျတဲ့ အချက်နှစ်ချက်သွားတွေ့ရပါတယ်။ ပထမ အချက်က လူငယ်စုံတွဲတွေတွေ့ဖို့လုံခြုံမှုရှိစွာ အခမဲ့အပန်းဖြေနိုင်တဲ့ ဥယျာဉ် ပန်းခြံတွေမရှိတော့တာပဲ။ လူငယ်ဆိုတာ အရွယ်ရောက်လာရင် လူငယ်သဘာဝချစ်သူရည်းစားထားကြ ချိန်းတွေ့ကြမှာပါပဲ။ သူတို့ချိန်းတွေ့ဖို့အတွက် ပန်းခြံဥယျာဉ်ရှိရပါမယ်။ ရန်ကုန်မှာဆိုအများကြီး ကျန်သေးတယ်။ ကျွန်တော်တို့မန္တလေးမှာ လူထုအခမဲ့အနားယူအပန်း ဖြေဖို့ဥယျာဉ်ပန်းခြံ ဘယ်နှခုကျန်တော့လို့လဲ။ မရှိတော့သလောက်ပဲလေ။ ဟိုတလောကလည်း ကျုံးဘေးလူမြင်ကွင်းမှာ နမ်းနေတဲ့စုံတွဲပုံ ဖေ့ဘုတ်ပေါ်တက်လာပြီး ဝေဖန်သံဆူညံခဲ့တယ်။ ကျွန်တော်ကတော့ သူတို့ကို အပြစ်မမြင်မိဘူး။ သူတို့အတွက် နေရာမှမရှိတာ ခေတ်အ ဆက်ဆက်က အုပ်ချုပ်သူ အာဏာရှင်များနဲ့အပေါင်းပါများက ကိုယ်ကျိုးအတွက်ပဲကြည့်ပြီး စနစ်တကျဖျက်ဆီးခဲ့ကြလို့ ဟိုအရင်ကဆိုရင် လူထုကွင်းကြီးတွေ ဥယျာဉ်ပန်းခြံတွေနဲ့ စိမ်းစိုသာယာတဲ့ ဥယျာဉ်မြို့တော်ကြီးက ခုတော့ကွန်ကရစ် ဖုန်းဆိုးတောကြီးဖြစ်သွားခဲ့ပြီလေ။

မြို့တည်မင်းတုန်းဘုရင်က သူ့ပြည်သူတွေ အနားယူအပန်းဖြေဖို့ ဥယျာဉ် ၂၀ တောင် တည်ဆောက်ပေးခဲ့တယ်။ ခုဘယ်နှခုရှိတော့လို့လဲ။ ဒီနေရာမှာ ခေတ်အဆက်ဆက်အာဏာရှင်များနဲ့ အပေါင်းပါခရိုနီများကြောင့် သမိုင်းဝင်လူထုကွင်းတွေ၊ ဥယျာဉ်ပန်းခြံတွေ ဘယ်လောက် ပျောက်ကွယ် သလဲဆိုတာ အနည်းငယ်ပြောပြချင်ပါတယ်။ ပထမဆုံး သမိုင်းဝင်မန်းရာပြည့်ကွင်းကိုဖျက်ပြီး ရတနာပုံတိရစ္ဆာန်ဥယျာဉ်လုပ်ခဲ့ပေမယ့် လူထုအတွက် အမှန်တကယ် အပန်းဖြေစရာနေရာတခုမဖြစ်ဘူး။ ၀င်ကြေး တယောက်တထောင်ပေးရပြီး အဆင့်မမီတဲ့ ရတနာပုံတိရစ္ဆာန်ဥယျာဉ်ဟာ သာမန်မိသားစုအတွက် အပန်းဖြေအနားယူဖို့အတွက် အဆင်မပြေခဲ့ပါဘူး။

၁၉၅၄ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ မန္တလေးမြို့ရဲ့နာမည်ကြီး အနားယူအပန်းဖြေစခန်းတခုဖြစ်တဲ့ မန်းသီတာဥယျာဉ်ဟာလည်း ၁၉၉၃ ခုနှစ်မှာ ကျုံးကြီးပြန်လည်တူးဖော်ပြုပြင်တာကနေ ဖျက်သိမ်းပစ်ခဲ့ လိုက်ပါတယ်။ နောက်နန်းတွင်းထဲမှာရှိတဲ့ မြိုင်ဟေ၀န်ဥယျာဉ်၊ မြနန်းစံကျော် ရွှေနန်းတော်များဟာလည်း နန်းတွင်းကို အများပြည်သူ ၀င်ထွက်ခွင့် တင်းကျပ်လိုက်လို့ မြို့နေလူထုနဲ့မသက်ဆိုင်တဲ့နေရာ ဖြစ်ခဲ့တယ်။
နောက် ၃၅ လမ်းဘေးက ဂေါ်ရာသင်္ချိုင်းကိုဖျက်ပြီး လုပ်ခဲ့တဲ့ မန်းမန္တလာဥယျာဉ်လည်း ဖျက်သိမ်းလိုက်ပြီး လူနေအိမ်ရာတွေ လုပ်လိုက်တယ်။ လုထုနဲ့သက်ဆိုင်တဲ့ပွဲတွေ အမြဲကျင်းပတဲ့လူထုကွင်းအဖြစ် နောက်ဆုံး ကျန်ခဲ့တဲ့ ဆင်ဖြူကန်ကွင်းကလည်း ဂေါက်ကွင်းတွေ၊ စားသောက်ဆိုင်တွေ၊ စင်တင်တေးဂီတဆိုင်တွေကို ငှားရမ်းပြီးအပိုင်းပိုင်း ဖျက်ဆီးထားတယ်။

မြို့တည်မင်းတုန်းဘုရင်တည်ခဲ့တဲ့ ဥယျာဉ်တွေထဲမှာ တခုအပါအ၀င်ဖြစ်ခဲ့တဲ့ မနောရမံ္မဥယျာဉ်ကိုလည်း ရေကန်ကြီးကို သမိုင်းကိုတန်ဖိုးမထား ရက်ရက်စက်စက်မြေတွေဖို့နေရာတွေချဲ့ယူပြီး ဂိမ်းလောင်းကစားတွေ အခပေးဆော့ကစားရတဲ့ ကစားကွင်းနေရာတွေ ဖြစ်သွားပြီ။ ကန်တော်ကြီးကလည်း စားသောက်ဆိုင်တွေ၊ စင်တင်တွေ၊ ကာရာအိုကေဆိုင်တွေ နေရာအပြည့်ယူထားလို့ လူကုံထံတွေအတွက်ပဲ ဖြစ်ခဲ့တယ်။ မန္တလေးမြို့ တောင်ဘက် ရွှေကြက်ယက်သစ်ဆိပ်အနီးတွင် ပန်းခြံတခုဆောက် လုပ်ပေးခဲ့ပေမယ့် ချုံပုတ်သာသာအဆင့် ဆိုတော့ ဘယ်သူမှမသွားကြပေ။ အဲ့ဒီနေရာလည်း ခုတော့ ကုမ္ပဏီတခုကို ငှားရမ်းလိုက်ပြီလို့ကြား သိရပါ တယ်။

အသစ်ဖော်ထုတ်လိုက်တဲ့ သိပ္ပံလမ်းတောင်ဘက်က မြေကွက်လပ်တွေကိုလည်း ခရိုနီတွေနဲ့ပေါင်း မင်္ဂလာမန္တလေးဆိုပြီးဖော်ထုတ်အိမ်ရာတွေလုပ်၊ ဂရိတ်ဝေါကုမ္ပဏီကလည်း ယူကလစ်စိုက်ဖို့ဆိုပြီး ဖျားခင်းသိမ်း ပိုက်ထားတယ်။ ဗိုလ်ချုပ်ရွာဘေးက မြေကွက်လပ်ကြီးကိုလည်း ကွန်ဗင်းရှင်းစင်တာဆိုပြီး အဆောက်ပြ၊ ပိုတဲ့ မြေနေရာကို သိမ်းယူမယ့်စီမံကိန်းများဟာ မြို့နေလူထုအကျိုးအတွက် လုံးဝမပါခဲ့ပေ။ ထိုစီမံကိန်းတွေကို မန်းစည်ပင်သာယာနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်တာလို့သိရပေမယ့် ယနေ့ထိစာချုပ်ကို အများ ပြည်သူ သိအောင်ထုတ်ပြဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် ယနေ့ထိမပြခဲ့ပေ။ ဒီလိုမြို့နေလူထုအတွက် လူငယ်တွေအတွက် အခမဲ့အပန်းဖြေအနားယူစရာနေရာမရှိတော့ လူငယ်စုံတွဲတွေက ဒီလိုအလုံပိတ် အခန်းတွေထဲ ရောက်သွားကြတော့တာပေါ့။

နောက်ဒုတိယအချက်ကတော့ လုံခြုံမှုမရှိတာပါဘဲ။ လူငယ်စုံတွဲတော်တော်များများက ယခုလို ဆိတ်ကွယ် ရာနေရာတွေကို မသွားချင်ကြပါဘူး။ ဒါပေမဲ့ ဒီလိုနေရာတွေမသွားချင်လို့ အပြင်မှာတွေ့ကြတော့လည်း သမီးရည်းစားအတွဲတွေအတွက် လုံခြုံမှုမရှိတာပါဘဲ။ သမီးရည်းစားစုံတွဲတွေကို အုပ်စုဖွဲ့ခြိမ်းခြောက် လုယက်မှုတွေ၊ အနိုင်ကျင့်မှုတွေ ဆက်တိုက်ဆိုသလိုဖြစ်နေတော့ ဘယ်သူမှ အပြင်မှာ ချိန်းမတွေ့ရဲတော့ဘဲ လုံခြုံမှုရှိတဲ့ တနာရီတထောင်၊ နှစ်ထောင်ပေးရတဲ့ အမျိုးမျိုးသော အလုံပိတ်အခန်းတွေထဲ ရောက်ကုန်ကြ တော့တာပေါ့။
ဒါကြောင့် လူငယ်တွေပျက်စီးစေမှုကို ဖော်ဆောင်ပေးနေတဲ့ ကော်ဖီဆိုင်၊ အအေးဆိုင်ဗန်းပြ အလုံပိတ် အခန်းတွေကို ထိရောက်စွာအရေးယူ ပိတ်သိမ်းပေးဖို့လိုသလို တဖက်ကလည်း မြို့နေလူထု အနားယူ အပန်းဖြေဖို့ ဥယျာဉ်တွေ ပြန်လည်ဖော်ထုတ်ပေးရပါမယ်။

လက်ရှိတက်လာတဲ့ မြို့တော်ဝန်ကြီးက ကွမ်းစားမှုပပျောက် လျော့နည်းအောင်လုပ်မယ်လို့သိရပါတယ်။ ကောင်းပါတယ်။ အဲဒီအတွက်လည်း ကြိုဆိုပါတယ်။ အဲဒီထက်အရေးကြီးတဲ့ကိစ္စတွေကိုလည်း လုပ် ဆောင်ပေးဖို့တောင်းဆိုလိုပါတယ်။ အဲဒါတွေကတော့ ယနေ့မန္တလေးမြို့မှာ အလွန်ပေါများနေတဲ့ မူးယစ်ဆေးဝါးရောင်းချနေမှုများ၊ လောင်းကစား လုပ်ငန်းများ၊ မြို့နေလူထုလုံခြုံမှုကို ခြိမ်းခြောက်နေတဲ့ လုယက်မှုများ၊ အုပ်စုဖွဲ့အကြမ်းဖက်အနိုင်ကျင့်မှုများကို အထူးစီမံချက်ချ နှိမ်းနင်းပေးဖို့ပါပဲ။ ဒါအပြင် ခေတ်အဆက်ဆက် အာဏာရှင်တွေ၊ ခရိုနီတွေသိမ်းပိုက်ဖျက်ဆီးထားတဲ့ လူထုကွင်းတွေဥယျာဉ်တွေကို အမြန်ဆုံး ပြန်လည်ဖော်ထုတ်ပေးဖို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ မြို့တော်ဝန်အား မြို့နေလူထုကိုယ်စား တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ . . . ။

လူထုကတင်မြှောက်ထားတဲ့ အစိုးရဖြစ်တဲ့အတွက် မြို့နေလူထုပိုင်နေရာတွေကို မြို့ခံပြည်သူတွေအကျိုး အတွက် ပြည်လည်ဖော်ထုတ်ရယူပေးနိုင်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ် . .. . ။

ကျော်ကြီး(MDY)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
မန်းရွှေမြို့က အလုံပိတ်အခန်းများနဲ့ ကော်ဖီဆိုင်များ  မန်းရွှေမြို့က အလုံပိတ်အခန်းများနဲ့ ကော်ဖီဆိုင်များ Reviewed by THITHTOOLWIN on 18:18 Rating: 5
Powered by Blogger.