ဖားကန့်ဒေသတွင် ကျောက်စိမ်းထုတ်လုပ်မှု လျော့ချပါကလည်း နိုင်ငံ၏ ၀င်ငွေကို ထိခိုက်မည် မဟုတ်ဟု ဆို


ဖားကန့်မြို့နယ်အတွင်း ကျောက်စိမ်းတူးဖော်နေသည့် ကုမ္မဏီများကို ပိတ်သိမ်း ၊လျှော့ချမှုများ ပြုလုပ်မည်ဟု သတင်းများ ထွက်ပေါ်နေသော် လည်း သေချာသည့် အခြေအနေတွင်မရှိသေးကြောင်း ဖားကန့်ဒေသခံ ဦးလတောင်က ဧပြီ ၂၃ ရက်တွင် The Ladies သို့ပြောဆိုလိုက်သည်။

ဧပြီ ၂၁ ရက်က NLD လွှတ်တော်အမတ်များဖြစ်သည့် ဦးချို၊ ဦးတင်စိုးဦး၊ ဦးလစိုင်း တို့က ဖားကန့်ပြည်သူအချို့နှင့်တွေ့ဆုံခဲ့ပြီး အစိုးရသစ် အနေဖြင့် ကျောက်စိမ်းတူးဖော်မှုကို မုချ လျှော့ချတော့မည်ဖြစ်ကြောင်း၊ ယင်းအတွက် လိုအပ်သည့် ဥပဒေ၊ ကြီးကြပ်ရေးအဖွဲ့၊ ကွင်းဆင်း စစ်ဆေးရေး စသည်တို့မှာ တက်ကျွမ်းသည့် ပညာရှင်များ ဒေသခံများအပြင် CSO အဖွဲ့အစည်းများလည်း ပါဝင်လာနိုင်သည်ဟု ပြောဆိုခဲ့ကြသည်။

“ဒီအစိုးရရဲ့ တရားဝင်ထုတ်ပြန်လိုက်တဲ့ထုတ်ပြန်ချက်လား ဆိုတာ ကောင်းကောင်းမသဲကွဲဘူးဖြစ်နေတယ် ကျွန်တော်က ဒီမှာ ဦးချို တို့ကိုမေးကြည့်တဲ့အခါ သူတို့က ရှေ့ဆက်ပြီး လုပ်မှာပါဆိုတဲ့ အသံလောက်ပဲ ထွက်တယ်၊ ဒါပေမယ့် သတင်းတော့ ထွက်တာပေါ့ ဒီလနောက်ဆုံးထားပြီး ကုမ္မဏီတွေ လျှော့ပစ်မယ် ပြောသံတော့ကြားတယ် ဒါပေမယ့် မသေချာသေးဘူးလို့ပဲထင်ပါတယ်”ဟု ဦးချိုက ပြောသည်။

ကျောက်စိမ်းဈေးကွက်ကို ထိန်းချုပ်ရန်အတွက် တူးဖော်မှုကို ထိန်းချုပ်ခြင်း သည်သာ အကောင်းဆုံးနည်းလမ်းဖြစ်နေပြီး အလွန်အကျွံတူးဖော်မှုကို ထိန်းချုပ်နိုင်လျှင် ရောင်းလိုအား အဆမတန်ဖြစ်တည်မှုကို ထိန်းညှိနိုင် မည်ဖြစ်ကြောင်း၊ ရောင်းလိုအားလျော့သွားသည်နှင့် ၀ယ်လိုအား ပိုမိုကောင်းမွန်လာပြီး ကျောက်ကောင်းများသာမက ပြည်တွင်း တွင် ပုံနေသည့် ခါးကျောက်၊အောက်ကျောက် များပါ ဈေးကွက်ပြန်ကောင်း လာမည်ဖြစ်ကြောင်း ကျောက်စိမ်းလုပ်ငန်းရှင်အချို့က သုံးသပ်နေကြသည်။

ကျောက်စိမ်းတူးဖော်မှုကို ထိန်းချုပ် လျှော့ချခြင်းသည်သာ နိုင်ငံတော်နှင့် ပြည်သူ ပိုအကျိုးဖြစ်ထွန်းမည်ဖြစ်ပြီး ကျောက်စိမ်းလုပ်ငန်းမှ တစ်ဆင့် မြန်မာပြည်သူ သိန်းချီကို လူလတ်တန်းစားဘ၀သို့ တွန်းပို့နိုင်ကြောင်းလည်း ကျောက်စိမ်း လုပ်ငန်းရှင်အချို့က ပြောဆိုကြသည်။

“တကယ်လို့ဒီအစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှု ရှိအောင် ပြည်သူများရဲ့ လိုလားချက်အရ ပိတ်သိမ်းတာတော့ ပိုကောင်းတယ် အခြေအနေပေးလာတဲ့ တစ်နေ့ကျရင်ပြန်ဖွင့်ပေါ့ အဲ့လိုလုပ်တာပိုကောင်းတယ်လို့မြင်ပါတယ်”ဟု ဦးချိုက ၎င်း၏အမြင်ကိုပြောသည်။

ကျောက်စိမ်းတူးဖော်မှုထိန်းချုပ်လျှော့ချခြင်းသည်သာ ဆယ်နှစ်အတွင်း ရှိသမျှ ကျောက်စိမ်းမှော်အကုန် ကုန်မည့် ဘေးမှ ကာကွယ်နိုင် မည်ဖြစ်ပြီး နောင်နှစ်ပေါင်းများစွာအထိ ပြည်သူများကျောက်စိမ်းလုပ်ငန်းကို လုပ်ကိုင်နိုင်မည်ဖြစ်သည်။ ဖားကန့်ဒေသတွင် ကုမ္မဏီများ ၏ ကျောက်စိမ်း တူးဖော်မှုများကြောင့် တောင်တစ်တောင်သည် တစ်ရာသီနှင့် အပျောက် ဖြစ်ခဲ့ရပြီး ကျောက်စိမ်းထွက်သည့် ဧရိယာ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်း သည်လည်း နိုင်ငံတော်က မသိနိုင်သည့် ကုမ္မဏီများကြောင့် ကုန်သွားပြီဖြစ်ကြောင်း ၊ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု ငွေပင်ငွေရင်းသည် ဘယ်ကမှန်း မသိသော်လည်း တိုင်းရင်းသားပြည်သူများ အနေဖြင့် မယှဉ်နိုင်လောက်အောင်များပြားခြင်းကြောင့် ထိန်းချုပ်လျှော့ချမှုကို မဆိုင်းမတွဆောင်ရွက်သင့်ကြောင်းလည်း ဖားကန့်ဒေသခံများက ပြောဆိုကြသည်။

KHTun

ဓါတ်ပုံ - Jan Khone
The Ladies News
https://www.facebook.com/News.TheLadies
ဖားကန့်ဒေသတွင် ကျောက်စိမ်းထုတ်လုပ်မှု လျော့ချပါကလည်း နိုင်ငံ၏ ၀င်ငွေကို ထိခိုက်မည် မဟုတ်ဟု ဆို  ဖားကန့်ဒေသတွင် ကျောက်စိမ်းထုတ်လုပ်မှု လျော့ချပါကလည်း နိုင်ငံ၏ ၀င်ငွေကို ထိခိုက်မည် မဟုတ်ဟု ဆို Reviewed by THITHTOOLWIN on 04:24 Rating: 5
Powered by Blogger.