နှစ်ဆယ့်တစ်ရာစု ပင်လုံညီလာခံရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


■ လာမည့် တစ်လ၊ နှစ်လအတွင်း နှစ်ဆယ့်တစ်ရာစု ပင်လုံညီလာခံကို စတင်နိုင်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း ပြောကြား ■

နေပြည်တော်၊ ဧပြီ ၂၇

လာမည့် တစ်လ၊ နှစ်လအတွင်း နှစ်ဆယ့်တစ်ရာစု ပင်လုံညီလာခံကို စတင်နိုင်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အဖွဲ့ဝင်များနှင့် ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။


ယနေ့ မွန်းလွဲ (၂)နာရီတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ် အစည်းအဝေးခန်းမ၌ တွ့ဆုံဆွေးနွေးပွဲတွင် ရှေးဦးစွာ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီဝင်များက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား တစ်ဦးချင်း မိတ်ဆက်ကြသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က JMC ကော်မတီဝင်များအား ဒေါက်တာတင်မျိုးဝင်းနှင့် မိတ်ဆက်ပေးသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်က အဖွင့်အမှာစကား ပြောကြားရာတွင် အပစ်အခတ်ရပ်စဲရေးလုပ်ငန်းများမှ တစ်ဆင့် ထာဝရငြိမ်းချမ်းရေးရရှိအောင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ အပစ်အခတ် ရပ်စဲရေး လုပ်ငန်းများ တည်တံ့ခိုင်မြဲမှလည်း ထာဝရ ငြိမ်းချမ်းရေးလုပ်ငန်းများကို လုပ်နိုင် မည်ဖြစ်ကြောင်း၊ JMC-U ထဲတွင် ပါဝင်ကြသူများသည် ကမ္ဘာတ၀ှမ်းမှ လုပ်နေသည့် ပစ်ခတ်ရပ်စဲရေးအစီအစဉ်များနှင့် ပတ်သက်ပြီး လေ့လာထားသည့် ပုဂ္ဂိုလ်များဖြစ်၍ ပစ်ခတ်ရပ်စဲရေးများတွင် သဘောတူညီမှုထက် တည်တံ့ ခိုင်မြဲရေးက ပိုမိုခက်ခဲသည်ကို သိကြမည်ဖြစ်ကြောင်း၊ ပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ် အများစု၏ ကိုးဆယ်ရာခိုင်နှုန်း သည် လပိုင်းအတွင်း ပြန်ပျက်သွားသည်ကို မိမိအနေဖြင့် ကြားသိရပါကြောင်း၊ ဤသည်မှာ JMC – U က မည်မျှ အရေးကြီးသည်ကို ပြသသည့် သက်သေဖြစ်ပါကြောင်း။


ပစ်ခတ်ရပ်စဲရေးများ တည်တံ့ခိုင်မြဲအောင်လုပ်ရန်သည် အလွန်အရေးကြီးပါကြောင်း၊ လက်မှတ်ထိုးရေးသည် ပထမခြေလှမ်းပင် ဖြစ်ပါကြောင်း၊ ပစ်ခတ်ရပ်စဲရေးများ တည်တံ့ ခိုင်မြဲခြင်း မရှိပါက တကယ်ငြိမ်းချမ်းရေးအတွက် ဆက်လက်သွား၍ မရနိုင်ပါကြောင်း၊ ထို့ကြောင့် JMC – U အနေဖြင့် လုပ်ငန်းစဉ်များကို အဆင်ပြေချောမွေစွာ စတင်လုပ်ဆောင် နေသည်ဟု နားလည်ထားပါကြောင်း၊ အစကောင်းမှ အနှောင်းသေချာ ဆိုသည့်အတိုင်း ကောင်းမွန်သော လက္ခဏာများပင် ဖြစ်ပါကြောင်း၊ JMC – U ထဲတွင် အစိုးရ၊ တိုင်းရင်းသားများနှင့် အရပ်ဘက်အပါအ၀င် အဘက်ဘက်မှ ပါဝင်ကြသည့်အတွက် ပါဝင် သင့် ပါဝင်ထိုက်သူများ စုံစုံလင်လင် ပါဝင်သည်ဟု မိမိအနေဖြင့် ယူဆပါကြောင်း၊ ပါသင့် ပါထိုက်သူများသည် ယခုခေတ်စကားအရ Stakeholder ဆိုသည့် စကားက တွင်ကျယ် နေပါကြောင်း၊ Stakeholder ကို တိတိကျကျ တွေးခေါ်မည်ဆိုပါက ကိစ္စတစ်ရပ်ရပ်တွင် တစ်နည်းမဟုတ် တစ်နည်းပါဝင် ပတ်သက်နေသူဟု အဓိပ္ပာယ်ဖွင့်ဆိုရမည် ဖြစ်ပါကြောင်း။

အမှန်တကယ် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တစ်နည်းမဟုတ် တစ်နည်း ပါဝင်ပတ်သက် နေသူများမှာ နိုင်ငံသူ၊ နိုင်ငံသား အားလုံးပင် ဖြစ်ပါကြောင်း၊ မည်သူမှလည်း မကျန်ပါ ကြောင်း၊ နိုင်ငံသူ၊ နိုင်ငံသား သန်း ငါးဆယ်ကျော်ပါဝင်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင် လုပ်နိုင်သည်ဆိုတာက လက်တွေ့မကျပါကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် မည်သူ များ ပါဝင်သင့်သည်ကို အများကြီး စဉ်းစားရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် JMC ထဲတွင် ပါဝင်သင့် ပါဝင်ထိုက်သူများ မည်သူများ ပါဝင်ရမည်ကို စပြီး စဉ်းစား၍ ယခုလုပ်ငန်းစဉ်မှ များစွာ သင်ခန်းစာ ယူနိုင်မည် ဟု မိမိ ထင်ပါကြောင်း။

ဆက်လုပ်ရမည့် လုပ်ငန်းမှာ ငြိမ်းချမ်းရေးညီလာခံဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးညီလာခံကိုဆက်လက်လုပ်ဆောင်ရာ၌ ယခင် သဘောတူညီထားသည့်များရှိပြီး ပြုပြင် လုပ်ကိုင် ဆောင်ရွက်နိုင်အောင် စီစဉ်ထား၍ လိုအပ်ပါက ပြုပြင်ပြောင်းလဲဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ JMC – U ၏ အတွေ့အကြုံများသည် ယခုလိုဆောင်ရွက်ရာ၌ အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ JMC – U ထဲမှာ အဘက်ဘက်က ပါသင့်ပါထိုက်သူများကိုကိုယ်စားပြုသူများဖြင့် ဆောင်ရွက်သည့်အတွက် အားနည်းချက်၊ အားသာချက်များကိုသိရှိပြီးမည်သို့ပြုပြင်ပြောင်းလဲဆောင်ရွက်သွားမည်ကို ကြိုတင်စဉ်းစားထားကြမည်ဟုမိမိအနေဖြင့် ယုံကြည်ပါကြောင်း၊ ထိုသို့စဉ်းစားထားသည်များကိုအခြေခံပြီး ငြိမ်းချမ်းရေးညီလာခံကိုမည်သို့ကျင်းပသွားမည်ဆိုသည့် အကြံဥာဏ်များကိုရရှိမည်ဟုယုံကြည်ပါကြောင်း၊ JMC – U နှင့်တွေ့ဆုံခြင်းသည် မိမိအနေဖြင့် အတွေ့အကြုံများကိုနားထောင်ရန်အတွက် ဖြစ်ပါကြောင်း။


JMC – U ၏ တိုက်ရိုက်ခန့်အပ်သည့်တာဝန်သည် အပစ်အခတ်ရပ်စဲရေးတည်မြဲဖို့ ဖြစ်ပါကြောင်း၊ အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ မည်သည့်ဘက်ကမှ မကျေနပ်စရာမရှိရန်၊ အမှန်အမှား၊ တရားမျှတမှုရှိမရှိတို့ကိုJMC – U က အဓိကထိန်းသိမ်းဆောင်ရွက် သွားရန်ဖြစ်ပါကြောင်း၊ သို့ရာတွင် အပစ်အခတ်ရပ်စဲရေးမကျိုးပျက်အောင်၊ မကျိုးဖောက်အောင် ဆောင်ရွက်ခြင်းသည် ငြိမ်းချမ်းရေးညီလာခံအောင်မြင်ရေးအတွက် ဖြစ်ပါ ကြောင်း၊ JMC – U ၏ အကြံဥာဏ်များထဲတွင် ငြိမ်းချမ်းရေးညီလာခံအောင်မြင်ဖို့အတွက် မည်သို့ဆောင်ရွက်သွားသင့်သည်ကိုမိမိတို့အနေဖြင့် သိချင်ပါကြောင်း၊ အပစ်ခတ်ရပ်စဲရေးမကျိုးဖောက်ရန်အတွက် မည်သို့ဆောင်ရွက်ရမည်မှာJMC – U ၏ တိုက်ရိုက်ချက်ချင်း လက်ငင်းတာဝန် ဖြစ်ပါကြောင်း၊ ရေရှည်ဆောင်ရွက်ရမည့် အရေးကြီးတာဝန်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် ငြိမ်းချမ်းရေးညီလာခံများကိုမည်သို့အောင်မြင်အောင် ဆောင်ရွက် ရမည်ဆိုသည့် အကြံဥာဏ်များကိုလိုချင်ပါကြောင်း။ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်နှင့်စပ်လျဉ်း၍ အားလုံးပါဝင်စေချင်ပါကြောင်း။ အားလုံးမပါဝင်သေးသည်ကို အများသိပါကြောင်း၊ အားလုံး မပါဝင်သေးသည့်အတွက် မိမိတို့ စိတ်ပျက်ရမည် မဟုတ်ပါ ကြောင်း၊ ထို့ကြောင့် အားလုံးပါဝင်အောင် မည်သို့ဆောင်ရွက်ရမည်ကိုမိမိတို့အနေဖြင့် ၀ိုင်းဝန်းစဉ်းစား အဖြေရှာသွားရမည်ဖြစ်ပါကြောင်း။

မိမိအနေဖြင့် တကယ်စေတနာမှန်ပါက မအောင်မြင်စရာမရှိပါကြောင်း၊ အလုပ် တစ်ခုကိုလုပ်သည့်နေရာတွင် အထူးသဖြင့် အများနှင့် စုပေါင်းပြီးလုပ်သည့်နေရာတွင် အပေးအယူဆိုရာ၌ အဓိကအားဖြင့် ကိုယ်ဘာပေးမည်ဆိုသည်ကိုတစ်ယောက်ခြင်း၊ တစ်ယောက်ခြင်းကစဉ်းစားပေးပါကအများကြီးအောင်မြင်မည်ဟုမိမိအနေဖြင့် ထင်ပါ ကြောင်း၊ တစ်ယောက်ချင်း၊ တစ်ယောက်ချင်းက ငါဘာယူလို့ရမလည်းဆိုသည့် စိတ်ဓာတ်ဖြင့် လာပါက ပိုခက်ခဲလိမ့်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အပေးအယူဟုဆိုသည့် နေရာတွင် နိုင်ငံပေါ်ထားသည့် စေတနာ၊ မိမိဂုဏ်သိက္ခာအရကိုယ်ဘာပေးနိုင်သည်ကိုဦးစားပေး၍ ဆွေးနွေးစဉ်းစားစေချင်ပါကြောင်း၊ ကိုယ်ဘာလိုချင်လဲ ကြည့်မည်ဆိုပါကတိုင်းရင်းသားမျိုးစုံဖြင့် တည်ဆောက်ထားသည့် ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့၊ ညီညွတ်မှုဖို့ သည် လွယ်မည်မဟုတ်ပါကြောင်း။

ယခုအစည်းအဝေးကစပြီး ငြိမ်းချမ်းရေးအတွက် ဦးတည် ပြီးဆောင်ရွက်သည့်အခါတွင် တစ်ယောက်စီတိုင်းကငါတို့ဘာပေးနိုင်သလဲ ဆိုသည့် ကိုယ့်ကိုယ်ကိုယုံကြည်မှု၊ ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှု၊ ကိုယ်ဘာပေးနိုင်လဲ ဆိုသည် အဓိက စဉ်းစား၍ ၀ိုင်းဝန်းစဉ်းစားကူညီစေချင်ပါကြောင်း၊ ယခုလိုစိတ်ဓာတ်ဖြင့် ဆောင်ရွက်သွားပါကအပစ်အခတ်ရပ်စဲရေးကိုလည်းခိုင်မာအောင်လုပ်ဆောင်နိုင်မည့်အပြင် မပါဝင်သေးသည့်အဖွဲ့များကို ပါဝင်လာရန်နှင့် ပါဝင် နိုင်အောင် အခြေအနေတစ်ခုကိုဖန်တီးပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့သို့ ဆောင်ရွက် နေစဉ်အတွင်းမှာ ငြိမ်းချမ်းရေးညီလာခံကိုစတင်ကျင်းပသွားမည်ဖြစ်ပါကြောင်း။

မိမိအနေဖြင့် ငြိမ်းချမ်းရေးညီလာခံနှင့် အပစ်အခတ်ရပ်စဲရေးတွင် မပါဝင်သေးသည့် အဖွဲ့များပါဝင်ရေးတို့သည် တစ်ပြိုင်တည်းဆောင်ရွက်ရမည့် မျဉ်းပြိုင်များဖြစ်ပါကြောင်း။ တစ်ခုပြီးမှ တစ်ခုလုပ်၍ မရပါကြောင်း၊ ထို့ကြောင့် ယခုမှစ၍ အပစ်အခတ်ရပ်စဲရေးခိုင်မြဲအောင်လုပ်ခြင်းဖြင့် အပစ်အခတ်ရပ်စဲရေးရဲ့ အကျိုးဆက်ကို ပြည်သူများကမည်သို့ ခံစားရသည်ကို ရှင်းရှင်းလင်းလင်း မြင်သာထင်သာပြနိုင်ခြင်းဖြင့် အပစ်အခတ်ရပ်စဲရေးမှာ မပါဝင်သေးသည့် တခြားအစုအဖွဲ့တွေပါဝင်လာအောင် မိမိတို့အနေဖြင့် ဆွဲဆောင်နိုင်မည့် အပြင် တစ်ချိန်တည်းမှာတကယ့်ကို ထာဝရငြိမ်းချမ်းရေးရမယ့် ညီလာခံများ ကျင်းပနိုင်ရန် မိမိတို့ အစပျိုးနိုင်မည်ဖြစ်ပါကြောင်း။

ယခု ၂၁ ရာစုပင်လုံညီလာခံကျင်းပနိုင်ရန်အတွက် မိမိအနေဖြင့် အချိန်ဆွဲဆောင်ရွက်သွားမည် မဟုတ်ပါကြောင်း၊ တစ်လ၊ နှစ်လအတွင်းမှာ ယခုအစီအစဉ်များကို ပြီးမြောက်၍ ငြိမ်းချမ်းရေးညီလာခံကိုစတင်ဆောင်ရွက်သွားချင်ပါကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးကို နိစ္စဓူဝ လိုအပ်နေပါကြောင်း၊ နေ့စဉ် ငြိမ်းချမ်းရေးမရသည့် အတွက် ဒုက္ခခံနေရသည့် မိမိတို့ နိုင်ငံသူ၊ နိုင်ငံသားများအတွက် တစ်ရက်စီ၏ ၂၄ နာရီသည် နည်းသည့်အချိန် မဟုတ်ပါကြောင်း၊ မခံစားရသူများအတွက် ၂၄ နာရီသည် ဘာမှ မဟုတ်ပါကြောင်း၊ မိမိတို့ နိုင်ငံသူ၊ နိုင်ငံသားများအားလုံးအေးအေးချမ်းချမ်းဖြင့် နေထိုင်နိုင်ရန် ငြိမ်းချမ်းရေညီလာခံကိုအမြန်ဆုံးအောင်အောင်မြင်မြင် ကျင်းပနိုင်ရေးအတွက် ၀ိုင်းဝန်းစဉ်းစား၍ လက်ရှိJMC – U ၏ လုပ်ငန်းများနှင့်စပ်လျဉ်း၍ သင်ယူစရာရှိသည်များကိုမိမိတို့ကိုသင်ကြားသွားမည်ဖြစ်ပါကြောင်း၊ ထိုပြင် ဆက်ပြီးအောင်မြင် အောင် မည်သို့ဆောင်ရွက်ရမည်၊ မပါဝင်သေးသည့်အဖွဲ့များ အပစ်အခတ်ရပ်စဲရေးစာချုပ်ထဲမှာ ပါဝင်လက်မှတ်ရေးထိုးနိုင်အောင် မည်သို့ဆောင်ရွက်သွားမည်ကို ၀ိုင်းဝန်း အကြံပြုစေလိုပါကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က JMC အနေဖြင့် NCA ကို အကောင်အထည်ဖော်ရာမှာ စစ်ဖက်ဆိုင်ရာ သဘောတူညီချက်များကို ထိန်းသိမ်းလိုက်နာ အကောင်အထည် ဖော်ဆောင်သွားရန် အတွက် တာဝန်ရှိကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA ပါ စစ်ဖက်ဆိုင်ရာ အချက် (၅၅) ချက်ကို လက်မှတ်ရေးထိုးသူများအားလုံး လိုက်နာဆောင်ရွက်သွားစေရန် ဦးတည် ဆောင် ရွက်လျက် ရှိကြောင်း၊ JMC ကို ပြည်ထောင်စု၊ ပြည်နယ် နဲ့ ဒေသဆိုင်ရာ အဆင့်များဆိုပြီး အဆင့်ဆင့် ဖွဲ့စည်းထားကြောင်း၊ အဆင့်တိုင်းတွင် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် နှင့် အရပ်သား ကိုယ်စားလှယ်များဖြင့် ပါဝင်ဖွဲ့စည်းထားကြောင်း၊ JMC ကော်မတီ အဆင့်ဆင့်ကို အထောက်အကူပြုရေးအတွက် အဆင့်တိုင်းတွင်လည်း ရုံးအဖွဲ့များ ကိုလည်း ဖွဲ့စည်းထားရှိသွားမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် JMC-U အဖွဲ့ဝင်များကို (၂၆)ဦးဖြင့်ဖွဲ့စည်းထားကြောင်း၊ အခြေအနေအချိန်အခါ လိုအပ်ချက်များအရ နိုင်ငံတော်၏ အတိုင်ပင်ခံ၏ လမ်းညွှန်ချက်နှင့် JMC-U ၏ အစိုးရ ကိုယ်စားလှယ်များကို ပြင်ဆင် ဖွဲ့စည်းစရာ ရှိသည်များကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း။

JMC ၏ လုပ်ငန်း အကောင်အထည် ဖော်ဆောင်မှု ရလဒ်များ အနေဖြင့် NCA လက်မှတ်ရေးထိုးပြီး (၆) လ အတွင်း အသေးစား ထိတွေ့မှု (၃) ကြိမ်သာ ရှိခဲ့ကြောင်း၊ အခြားနိုင်ငံများမှ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး ဖြစ်စဉ်များနဲ့ နှိုင်းယှဉ်ပါက NCA လက်မှတ်ရေးထိုးသူတွေအကြား ထိတွေ့တိုက်ပွဲတွေ မရှိသလောက် လျှော့ချနိုင်ခဲ့ပါကြောင်း၊ သို့သော် JMC ၏ လက်ရှိ လုပ်ငန်းစဉ်များကို ထိရောက်စေရန်အတွက် စနစ်တကျ လုပ်ဆောင်နိုင်သော အခြေ အနေသို့ မရောက်ရှိသေးကြောင်း၊ နှစ်ဖက်ခေါင်းဆောင်များ၏ နားလည်မှုနှင့် ဆက်ဆံ ရေးကို အခြေခံပြီး လုပ်ငန်း အကောင်အထည်ဖော်နေရခြင်း ဖြစ်သည့်အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လူအပြောင်းအလဲလုပ်သည့်အခါ၊ မြေပြင်တပ်များ အပြောင်း အလဲလုပ်သည့်အခါများတွင် လက်ရှိတည်ငြိမ်မှုကို ဆက်ထိန်းနို်င်ရန် အခက်အခဲရှိကြောင်း၊ ထို့ကြောင့် JMC လုပ်ငန်းစဉ်များကို စနစ်တကျအကောင်အထည်ဖော်နိုင်သည့် ယန္တရား တစ်ခု ဖြစ်လာစေရန် အချိန်ယူတည်ဆောက်ရဦးမည် ဖြစ်ကြောင်း၊ ဤယန္တရား တစ်ခု ဖြစ်လာရန် အဓိကကျသည့် အလုပ်အဖွဲ့ (ရုံးအဖွဲ့) အဆင့်ဆင့်ကို ဖွဲ့စည်း အကောင် အထည်ဖော်သွားရမည် ဖြစ်ကြောင်း။

အလုပ်အဖွဲ့ အဆင့်ဆင့်ကို ဖွဲ့စည်းလည်ပတ်နိုင်ရန် လိုအပ်သည့် ငွေကြေးပမာဏကို စိစစ်တွက်ချက်ထားပြီး နိုင်ငံတကာမှ ကျွမ်းကျင်သူများ နှင့်လည်း ညှိနိုင်းဆွေးနွေးထားပြီး ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်များအတွက် (၃) နှစ်စာ ဘတ်ဂျတ်ကို အမေရိကန်ဒေါ်လာ (၂၅)သန်းခန့် ခန့်မှန်းတွက်ချက်ထားကြောင်း၊ နိုင်ငံ တကာတွင် ပြုလုပ်ခဲ့ကြသည့် အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ကြီးကြပ်သည့် လုပ်ငန်း များနှင့် ယှဉ်ကြည့်လိုက်လျှင် မိမိတို့၏ ခန့်မှန်းကုန်ကျစရိတ်မှာ (၅)ဆကျော် သက်သာပါ ကြောင်း၊ ယင်းဘတ်ဂျတ်ကို ကမ္ဘာ့ကုလသမဂ္ဂမှ ကမကထပြုပြီး အထောက်အပံ့ပြုရန် ညှိနိုင်းဆွေးနွေးထားကြောင်း၊ UN Peace Building Fund မှ အထောက်အပံ့ပြုရန် လျာ ထားသည် ဟု သိရှိရကြောင်း၊ JMC လုပ်ငန်းများနှင့် အလုပ်အဖွဲ့များ စတင်လည်ပတ် နိုင်ရေးအတွက် လက်ရှိအစိုးရ အသစ်မှ JMC တည်ရှိမှုကို အသိအမှတ်ပြုပေးပြီးမှသာ နိုင်ငံတကာ အလှူရှင်များက အထောက်အပံ့များကို ပေးအပ်သွားမည် ဖြစ်ကြောင်း၊ NCA လက်မှတ်ရေးထိုးထားသူများ အကြား ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲပြီး နိုင်ငံရေး ဆွေးနွေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့ JMC အနေဖြင့် အားသွန်ခွန် စိုက် လုပ်ဆောင်သွားမည် ဟု သဘောထားပြုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်စောအိုင်း ဇက်ဖိုးနှင့် ဦးပြည့်စုံ တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

ယင်းနောက် ပူးတွဲစောင့်ကြည့်ရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာရွှေခါးက ကော်မတီ စတင်ဖွဲ့စည်းချိန်မှစ၍ ယနေ့အထိ လုပ်ငန်းဆောင်ရွက်နေမှုများကို အကျယ် တ၀င့် ရှင်းလင်းတင်ပြသည်။

အလားတူ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အဖွဲ့ဝင် ဒေါက်တာ မင်းဇော်ဦးက JMC အား အစိုးရအဖွဲ့အစည်းတစ်ရပ်အဖြစ်ထားရှိရေး၊ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ရပ်အဖြစ် ထားရှိရေးကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဒေါက်တာတင်မျိုးဝင်းက ပြည်တွင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းမှုများ ညှိနှိုင်းနိုင်ရေး ရှင်းလင်း တင်ပြသည်။

ထို့နောက် ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ အရပ်သားကိုယ်စားလှယ် ဦးကိုကိုကြီးက အရပ်ဘက်ကိုယ်စားလှယ်များ ပါဝင်နိုင်ရေး ရှင်းလင်း တင်ပြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းတင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေး ပြောကြားပြီး ပြည်တွင်းငြိမ်းချမ်းရေးသာမက အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကိုပါ ခြုံငုံနိုင်သည့် ဖွဲ့စည်းမှုတစ်ရပ် ဖွဲ့စည်း ဆောင်ရွက်နိုင်ရေး၊ ပါဝင်သင့် ပါဝင်ထိုက်သူ အနည်းဆုံးဖြင့် ဆောင်ရွက်နိုင်ရေး၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မြစေရန်၊ လက်မှတ်ရေးထိုးမှု မရှိသေးသည့် ကျန်အဖွဲ့များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်စေရန်နှင့် ငြိမ်းချမ်းရေး ညီလာခံ အမြန်ဆုံးခေါ်ယူကျင်းပနိုင်ရန် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို အမြန်ဆုံး ကျင်းပသွားမည် ဖြစ်ကြောင်း၊ တိကျ မှန်ကန်သော အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒလုပ်ငန်းစဉ်တစ်ရပ် ခိုင်ခိုင် မာမာ ချမှတ်နိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ကော်မတီဝင်များ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(Joint Cease fire Monitoring Committee – JMC)သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ မူဝါဒချမှတ်သူများ အား အပစ်အခတ်ရပ်စဲရေးအတွက် မူဝါဒဆိုင်ရာ ကူညီပံ့ပိုးပေးရန်၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် ထိန်းသိမ်းစောင့်ကြည့်ပေးသည့် ယန္တရားတစ်ခုအကာင်အထည်ဖော်နိုင် ရန်၊ ပစ်ခတ်တိုက်ခိုက်မှုများကို တည်ငြိမ်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံရေးဆွေးနွေးပွဲ များကို အထောက်အကူဖြစ်စေရန်၊ နှစ်ဘက်ယုံကြည်မှုတည်ဆောက်နိုင်စေရန်နှင့် ပဋိပက္ခ ဒေသများတွင် ပြည်သူလူထုကို အကာအကွယ်ပေးနိုင်ရန် ဆိုသည့် ရည်မှန်းချက်များကို အခြေခံ၍ လုပ်ငန်းဆောင်ရွက်လျက်ရှိသည်။

အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ တာဝန်ယူဆောင်ရွက်မည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုကော်မတီ National Reconciliation and Peace Centre (NRPC) ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ လာမည့် မေလ ဒုတိယပတ်အတွင်း ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

Myanmar State Counsellor Office
https://www.facebook.com/state.counsellor/
နှစ်ဆယ့်တစ်ရာစု ပင်လုံညီလာခံရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း  နှစ်ဆယ့်တစ်ရာစု ပင်လုံညီလာခံရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း Reviewed by THITHTOOLWIN on 18:39 Rating: 5
Powered by Blogger.