မိတ္ထီလာ တပ်နယ်မှ Bell-206 အမျိုးအစား ရဟတ်ယာဉ် စက်ချို့ယွင်း မှုကြောင့် မုန်တိုင်ဆည် အတွင်း ထိုးဆင်း ပျက်ကျ

ပျက်ကျသွားသော ရဟတ်ယာဉ် အစိတ်အပိုင်း အချို့အား တွေ့ရစဉ် (ဓာတ်ပုံ-တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး)
တပ်မတော်ရဟတ်ယာဉ်တစ်စင်း လေ့ကျင့်ပျံသန်းစဉ် မုန်တိုင်ဆည်အတွင်း ထိုးဆင်းပျက်ကျ

နေပြည်တော်၊ ဧပြီ ၂၆

မိတ္ထီလာတပ်နယ်၊ လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်မှ Bell-206 အမျိုးအစား ရဟတ်ယာဉ်အမှတ်၊ ၆၁၂၅ သည် ယနေ့နံနက်ပိုင်း လေ့ကျင့်ပျံသန်းမှုဆောင်ရွက်စဉ် နံနက် ၈ နာရီ ၂၆ မိနစ်တွင် စက်ချို့ယွင်းမှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ မုန်တိုင်ဆည်အတွင်း ထိုးဆင်းပျက်ကျခဲ့သည်။


ယင်းရဟတ်ယာဉ်အား လေသူရဲ ဗိုလ်မှူး ဝင်းအောင်နှင့် ဗိုလ်မှူး ခွန်ကျော်လှိုင် တို့က မောင်းနှင်၍ မုန်တိုင်ဆည်အတွင်း ကမ်းစပ်မှ ပေ ၅၀၀ အကွာ ရေပြင်အထက် ပေ ၃၀၀ ခန့်မှ ရုတ်တရက်စက်ချို့ယွင်း၍ ရေထဲသို့ ထိုးဆင်းပျက်ကျခဲ့ခြင်းဖြစ်ပြီး ရဟတ်ယာဉ် ရေထဲပျက်ကျချိန်တွင် ဆည်အတွင်းရှိ ငါးဖမ်းလှေများက လေသူရဲနှစ်ဦးအား ချက်ချင်းဆယ်ယူနိုင်ခဲ့သည်။


 ဖြစ်စဉ်ဖြစ်ပွားရာသို့ မုန်တိုင်ရှိ တပ်မတော်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် အဖွဲ့ဝင်များ ထပ်မံရောက်ရှိ၍ မျက်နှာတွင် ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ) အနည်းငယ်မျှသာ ရရှိ ထားသည့် လေသူရဲနှစ်ဦးကို ဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးခဲ့သည်။


ယင်း Bell-206 ရဟတ်ယာဉ်သည် ၁၉၇၇ ခုနှစ်တွင် ထုတ်လုပ်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် အသုံးမပြုနိုင်တော့သဖြင့် ၂၀၁၂ ခုနှစ်တွင် ပြည်ပ ကုမ္ပဏီတစ်ခုနှင့် အကြီးစားပြင်ဆင်မှုများ ပြုလုပ်၍ လေ့ကျင့်ရေးရဟတ်ယာဉ်အဖြစ် အသုံးပြုခဲ့ခြင်းဖြစ်သည်။

ပျက်ကျရဟတ်ယာဉ်မှာ မုန်တိုင်ဆည်အတွင်း နစ်မြုပ်သွားခဲ့သဖြင့် ပြန်လည်ဆယ်တင်ခြင်းများ ဆောင်ရွက်ခဲ့ရာ ရဟတ်ယာဉ်၏ ကိုယ်ထည်ပိုင်းမှာ ရေအောက်၌ နစ်မြုပ်လျက်ရှိပြီး ရေပြင်ပေါ်၌ကျန်ရှိသော ရဟတ်ယာဉ်အစိတ်အပိုင်းတချို့အား ဆယ်တင်နိုင်ခဲ့ကြောင်းနှင့် ရဟတ်ယာဉ်ပျက်ကျမှု ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်အခြေအနေများအား စုံစမ်းစိစစ်လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
မိတ္ထီလာ တပ်နယ်မှ Bell-206 အမျိုးအစား ရဟတ်ယာဉ် စက်ချို့ယွင်း မှုကြောင့် မုန်တိုင်ဆည် အတွင်း ထိုးဆင်း ပျက်ကျ  မိတ္ထီလာ တပ်နယ်မှ Bell-206 အမျိုးအစား ရဟတ်ယာဉ် စက်ချို့ယွင်း မှုကြောင့် မုန်တိုင်ဆည် အတွင်း ထိုးဆင်း ပျက်ကျ Reviewed by THITHTOOLWIN on 15:53 Rating: 5
Powered by Blogger.