ဝန်ကြီး ဦးကျော်လွင် ကို ANP က ထုတ်ပယ်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့ သတ္တုတွင်းဝန်ကြီး ဦးကျော်လွင် တို့ကို ဧပြီလ ၇ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်မှာ တွေ့ရစဉ်။ Photo: Min Thein Aung/RFA
ရခိုင်အမျိုးသားပါတီ ANP ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင် ကို NLD ပါတီဖွဲ့စည်းတဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှာ ဝန်ကြီးအဖြစ် တာဝန်ယူလိုက်တဲ့အတွက်  ANP ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ထုတ်ပယ်လိုက်ပါတယ်။

ဒီနေ့ စစ်တွေမြို့ ပါတီဗဟိုဌာနချုပ်မှာ အရေးပေါ်ပြုလုပ်ခဲ့တဲ့ ပါတီအလုပ်အမှုဆောင်ကော်မတီ အစည်းကနေ ဆုံးဖြတ်လိုက်တာလို့ ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော် က ပြောပါတယ်။

"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဖွဲ့တဲ့ ရခိုင်ပြည်နယ်အစိုးရမှာ ကျနော်တို့ပါတီက ရမ်းဗြဲမြို့နယ် ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်ဟာ ကျနော်တို့ ရခိုင်အမျိုးသားပါတီနဲ့ ဆက်သွယ်ခြင်း ညှိနှိုင်းခြင်း တင်ပြခြင်း ဆွေးနွေးခြင်း တစ်စုံတရာမရှိဘဲနဲ့ မိမိသဘောဆန္ဒအလျှောက် ပြည်နယ် အစိုးရဝန်ကြီးနေရာကို လက်ခံယူပြီးတော့ မနေ့ကပြည်နယ်လွှတ်တော်မှာ ကျမ်းကျိန်ဆို အတည်ဖြစ် သွားပြီဖြစ်တာကို ကျနော်တို့သိရပါတယ်၊ ဦးကျော်လွင် ကို ကျနော်တို့ပါတီအဆင့်ဆင့်က ရပ်စဲပြီးတော့ ပါတီဝင်အဖြစ်က ဆုံးဖြတ်ချက်အရ ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်"

ရခိုင်အမျိုးသားပါတီ ANP က ပြည်နယ်အစိုးရကို သူတို့ ဦးဆောင်ဖွဲ့စည်းခွင့်မရရင် ပါတီရဲ့လွှတ်တော် ကိုယ်စားလှယ်တွေကိုလည်း အစိုးရအဖွဲ့မှာ မပါဝင်ရဘူးလို့ စည်းကမ်းထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။

မနေ့ကပြုလုပ်တဲ့ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ရခိုင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့ သတ္တုတွင်းဝန်ကြီးအဖြစ် ဦးကျော်လွင် ကို ရွေးချယ်လက်ခံခဲ့ပါတယ်။

ဦးကျော်လွင်က သူဟာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အန်အယ်လ်ဒီနဲ့ မူဝါဒတူတာကြောင့် လက်တွဲဆောင်ရွက်တာဖြစ်ကြောင်း သူ့ရဲ့မဲဆန္ဒနယ်ကလည်း အဲ့ဒီလို ပူးပေါင်းဆောင်ရွက်ဖို့ အများစု က ထောက်ခံထားကြောင်း ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဝန်ကြီး ဦးကျော်လွင် ကို ANP က ထုတ်ပယ်  ဝန်ကြီး ဦးကျော်လွင် ကို ANP က ထုတ်ပယ် Reviewed by THITHTOOLWIN on 23:42 Rating: 5
Powered by Blogger.