ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးလောင်းများစာရင်းထဲတွင် ANP အမတ်တစ်ဦးပါဝင်နေ


နိရဉ္စရာ၊ ဧပြီ ၅

ယနေ့ ဧပြီလ ၅ ရက်နေ့တွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပု လက်မှတ်ရေး ထိုးပေးပို့သော ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးလောင်းများ စာရင်းထဲတွင် ရခိုင်အမျိုးသားပါတီ ANP မှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ပါဝင်နေကြောင်း သတင်းရရှိသည်။

၎င်းလွှတ်တော်ကိုယ်စားလှယ်မှာ ရမ်းဗြဲမြို့နယ် ပြည်နယ် ကိုယ်စားလှယ် ဦးကျော်လွင် ဖြစ်ပြီး သူ့အား စိုက်ပျိုးရေး၊ မွေးမြူးရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး အဖြစ် အဆိုပြု တင်သွင်းထားသည်ဟု သိရသည်။

ရမ်းဗြဲမြို့နယ် ရခိုင်အမျိုးသားပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင် အပါအ၀င် ပြည်နယ် အစိုးရ အဖွဲ့ဝင် (၇) ဦး အား ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု လက်မှတ် ထိုး၍ ယနေ့(ဧပြီလ ၅ ရက်နေ့) ကျင်းပသည့်ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး နဝမနေ့တွင် ပေးပို့ လိုက်ခြင်း ဖြစ်သည်။

တစ်ခြား အမည်စာရင်းပေးပို့ခြင်းခံရသည့် ပြည်နယ်ဝန်ကြီးလောင်းများမှာ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးအဖြစ် ဦးကျော်အေးသိန်း၊ စည်ပင်သာယာရေး ဝန်ကြီးအဖြစ် NLD ပါတီမှ ဦးမင်းအောင်၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံ၊ လူမှုရေးဝန်ကြီးအဖြစ် ဒေါက်တာ ချမ်းသာ၊ ပြည်နယ် ဥပဒေချုပ်အဖြစ် ဦးကျော်လှထွန်းနှင့် ပြည်နယ် စာရင်းစစ်ချုပ် အဖြစ် ဒေါ်ယဉ်ယဉ်လှ တို့ ဖြစ်ကြသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ရခိုင်အမျိုးသားပါတီမှ ဦးဆောင်ခွင့် မရပါက ပြည်နယ် အစိုးရ အဖွဲ့တွင်မပါဝင်ဘဲ အတိုက်အခံ အဖြစ်ရပ်တည်သွားမည်ဟု ရခိုင်အမျိုးသားပါတီ(ANP)က ထုတ်ပြန်ထားသဖြင့် ယခု စိုက်ပျိုးရေး၊ မွေးမြူးရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးအဖြစ် အမည်စာရင်းပေးပို့ခြင်းခံရသည့် ဦးကျော်လွင်မှာ ANP ပါတီမှဖြစ်နေ၍ ပါတီက မည်သို့ သဘောထားပါသလဲဟု ရခိုင်အမျိုးသားပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော် အား မေးမြန်းရာ သူက “ပြည်နယ်ဝန်ကြီးလောင်း အဖြစ်အမည် စာရင်း ပေးပို့ခံရတဲ့ ဦးကျော်လွင်ရဲ့ သဘောဆန္ဒကို ကျနော်တို့ မသိရသေးဘူး။ ပါတီ စည်းမျဉ်းအရ ၁/၂ဝ၁၆ ကြေညာ ချက်ကို ကျော်လွန်ပြီးတော့ ပါတီရဲ့ သဘောထားနဲ့ ဆန့်ကျင်ပြီးတော့ လက်ခံရင်တော့ ပါတီအနေနဲ့ ဖြေရှင်းရမယ့် အနေ အထားတွေ ဖြစ်လာမှာပါ” ဟု ပြောကြားသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ဦးကျော်လွင်အား နိရဉ္စရာက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ် မရခဲ့ပါ။

ယခုစာရင်းတွင် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်နှင့် စိုက်ပျိုးရေး၊ မွေးမြူးရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်တို့မှာ နိုင်ငံရေးပါတီများမှဖြစ်ကြပြီး ကျန်ဝန်ကြီးများမှာ ပြင်ပမှ ပညာရှင်များ ဖြစ်ကြသည်။

အဆိုပါဝန်ကြီးလောင်းများအား ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ကန့်ကွက်ရန် ရှိပါက ဧပြီလ ၆ ရက်နေ့ ညနေ ၄ နာရီနောက်ဆုံးကန့်ကွက်နိုင်သည်ဟု ဆိုသည်။

လက်ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနှင့် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဦးပုန်ဘွေတို့ကို အတည်ပြု ခန့်အပ်ထားပြီးဖြစ်သည်။

မာန်ယုကျော် (ရွှေဝမြေ)
Arakan State
https://www.facebook.com/NarinjaraNews
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးလောင်းများစာရင်းထဲတွင် ANP အမတ်တစ်ဦးပါဝင်နေ  ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးလောင်းများစာရင်းထဲတွင် ANP အမတ်တစ်ဦးပါဝင်နေ Reviewed by THITHTOOLWIN on 15:38 Rating: 5
Powered by Blogger.