အစိုးရအလွှဲအပြောင်းနဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကိစ္စ NLD စည်းဝေး

ပြည်သူ့ လွှတ်တော် သင်တန်းခန်းမတွင်တွင် NLD အမတ်များနှင့်တွေ့ဆုံစဉ်
သမ္မတ အာဏာလွှဲပြောင်းရေးနဲ့ အစိုးရသစ်ရဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ ဒီကနေ့ တနင်္ဂနွေနေ့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်တွေ နေပြည်တော်က ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှင်းဆီ စံအိမ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ သမ္မတ လွှဲပြောင်းရေး လုပ်ငန်းစဉ်ကို လွှတ်တော်မှာ လုပ်ဆောင်မှာ ဖြစ်တယ်လို့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဥာဏ်ဝင်းက စောင့်ဆိုင်းနေကြတဲ့ သတင်းထောက်တွေကို အစည်းအဝေးအပြီး ပြောပါတယ်။

လက်ရှိ ဦးသိန်းစိန် အစိုးရဘက်က သမ္မတ အလွှဲအပြောင်းကို သမ္မတ အိမ်တော်မှာ ပြုလုပ်ဖို့ ဆန္ဒရှိနေတာ ဖြစ်ပေမယ့် နောက်ဆုံးမှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ အဆိုပြုချက်အတိုင်း လွှတ်တော်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ အစိုးရသစ်အနေနဲ့ ဆောင်ရွက်မယ့် ကိစ္စတွေကိုလည်း ဒီကနေ့ ဆွေးနွေးခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော် နေအိမ်မှာ ၄ နာရီကျော်ကြာ အစည်းအဝေး အပြီး ပါတီ ပြောခွင့်ရတဦးဖြစ်တဲ့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

အစိုးရအဖွဲ့အမည်စာရင်းကို ဒီကနေ့ ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးမှာ ကြေညာနိုင်မယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ပါတီ ထိပ်တန်းပုဂ္ဂိုလ် တဦးက ပြောဆိုထားပေမယ့် ဒုသမ္မတအမည်စာရင်းရော၊ အစိုးရအဖွဲ့သစ် အမည်စာရင်းကိုပါ ပါတီဘက်က ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ အခု မတ်လကုန်မှာ သက်တမ်း ကုန်ဆုံးတော့မယ့် လက်ရှိ အစိုးရက ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်ဖွဲ့စည်းမယ့် အစိုးရသစ်ကို အာဏာလွှဲပြောင်းပေးဖို့ သီတင်း သုံးပတ်ပဲ လိုတော့တဲ့ အချိန်မှာ နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ပါတီ ခေါင်းဆောင်ပိုင်း အစည်းအဝေးတွေ ဒီရက်ပိုင်း အတွင်း ခပ်စိပ်စိပ် ထွက်ပေါ်လာနေတာ ဖြစ်ပါတယ်။

စနေနေ့ကလည်း ပါတီရဲ့ စီးပွားရေး ကော်မတီ အဖွဲ့ဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ပါတီ ဗဟိုအလုပ်အမှုဆောင်တချို့ အစိုးရသစ်လက်ထက် ဆောင်ရွက်မယ့် ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
အစိုးရအလွှဲအပြောင်းနဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကိစ္စ NLD စည်းဝေး  အစိုးရအလွှဲအပြောင်းနဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကိစ္စ NLD စည်းဝေး Reviewed by THITHTOOLWIN on 22:18 Rating: 5
Powered by Blogger.