အီရန်မီးပုံပွဲတော် မတော်တဆမှုများကြောင့် သုံးဦးသေဆုံး၊ ၂၅၉ ဦးဒဏ်ရာရ


တီဟီရန် မတ် ၁၆

အီရန်နိုင်ငံ၌ ပါရှားနှစ်သစ်ကူးပွဲတော်အကြို ရိုးရာ မီးပုံပွဲကျင်းပရာတွင် မတော်တဆဖြစ်မှုများကြောင့် သုံးဦးသေဆုံးပြီး ၂၅၉ ဦးဒဏ်ရာရရှိကြောင်း တာဝန်ရှိသူများက မတ် ၁၆ ရက်တွင် ပြောကြားကြသည်။

အီရန်ပြက္ခဒိန်၏ နောက်ဆုံးဗုဒ္ဓဟူးနေ့မတိုင်မီ တစ်ရက်အလိုတွင် ချာဟူရှန်ဘက်ဆူရီအမည်ရှိရိုးရာ ပွဲတော်ကို အီရန်နိုင်ငံတွင် နှစ်စဉ်ကျင်းပလေ့ရှိသည်။ ရှေးဟောင်းဇိုရိုအက်စတာရိုးရာ အစဉ်အလာပွဲတော်ဖြစ်ပြီး မီးပုံပွဲကျင်းပကာ မီးလျှံများအပေါ်မှ ခုန်ပျံ ကျော်လွှားရသည့် ထုံးဓလေ့တစ်ရပ်ဖြစ်သည်။

မီးပုံပွဲအထိမ်းအမှတ်အဖြစ် မီးရှူးမီးပန်းများ ပစ်လွှတ်ခြင်း၊ ဗြောက်အိုးများ ဖောက်ခြင်းတို့ကိုလည်း ပြုလုပ်ကြလေ့ရှိပြီး မတော်တဆမှုများကြောင့် နှစ်စဉ် လူသေဆုံးခြင်းနှင့်ထိခိုက်ဒဏ်ရာရရှိခြင်းတို့ ဖြစ်ပွားလေ့ရှိသည်။

မတ် ၁၅ ရက်ညက မီးပုံပွဲကျင်းပစဉ် အသက်(၄၅) နှစ်ရှိ နှလုံးရောဂါသည် အမျိုးသားတစ်ဦးသည် ပေါက်ကွဲသံတစ်ခုကြောင့် ထိတ်လန့်ကာ နှလုံးဖောက်လာပြီး သေဆုံးခဲ့ရကြောင်း အရေးပေါ်ဆေးဘက်ဆိုင်ရာဌာန အကြီးအကဲ အာမင်ဆာဘာရီနီယာက ပြောကြားသည်။

အသက် (၂၄)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦးတို့မှာလည်း မတော်တဆမှုများကြောင့် သေဆုံးခဲ့ရသည်။

မီးပုံပွဲတော်အတွင်းမီးပုံပေါ်မှ ခုန်ကျော်ခြင်း၊ မီးရှူး မီးပန်းပစ်လွှတ်ခြင်းနှင့် ဗြောက်အိုးဖောက်ခြင်းတို့ မပြုလုပ်ရန်တာဝန်ရှိသူတို့က သတိပေးခဲ့သည့်ကြားမှ မတော်တဆမှုများဖြစ်ပွားခြင်းဖြစ်သည်။

အီရန် နှစ်သစ်ကူးပွဲတော်သည် မတ် ၂ဝ ရက်တွင် စတင်မည်ဖြစ်သည်။

ပီတီအိုင်။
The Mirror Daily
https://www.facebook.com/TheMirrorDaily/
အီရန်မီးပုံပွဲတော် မတော်တဆမှုများကြောင့် သုံးဦးသေဆုံး၊ ၂၅၉ ဦးဒဏ်ရာရ  အီရန်မီးပုံပွဲတော် မတော်တဆမှုများကြောင့် သုံးဦးသေဆုံး၊ ၂၅၉ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 08:16 Rating: 5
Powered by Blogger.