ရန်ကုန်တိုင်းဒေသကြီးအတွင်း အဂတိလိုက်စားမှုတွေကင်းသည့် အစိုးရသစ်တစ်ရပ်ဖြစ်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းပြော

ဦးဖြိုးမင်းသိန်း ကမီဒီယာများအား ဖြေကြားနေစဉ်(ဆင်ဟွာ)
    ရန်ကုန်၊မတ်၂၈ရက်(ဆင်ဟွာ)

    ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ရှိဖြစ်နေသည့် အခြေအနေများ အားလုံးကို အကောင်းဆုံးတတ်စွမ်းသ၍ ဖြေရှင်းရန်ကြိုးစားသွားမည်ဖြစ်ကြောင်း၊  အဂတိလိုက်စားမှုများ ကင်းသည့် ပြည်သူများ၏လိုအပ်ချက်ကို အမှန်တကယ်အကောင်အထည်ဖော်ပေးနိုင်မည့် အစိုးရသစ် တစ်ရပ်ဖြစ်ရန်ကြိုးစားသွားမည်ဖြစ်ကြောင်း ယနေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ်အတည်ပြုခြင်းခံရသည့် ဦးဖြိုးမင်းသိန်းက မီဒီယာများကို ဖြေကြားသည်။

ဦးဖြိုးမင်းသိန်းက “ပထမဆုံးကျွန်တော်ပြောချင်တာက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကနေ ကျွန်တော်ကို ဝန်ကြီးချုပ်အဖြစ် အတည်ပြုပေးခဲ့တဲ့အတွက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အားလုံးကိုရော၊ ပြည်သူတွေကိုရော ကျေးဇူးတင်ကြောင်းပြောချင်တယ်။’’ ဟုပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင်  အခက်အခဲများ ၊ စိန်ခေါ်မှုများ အများကြီးရှိနေကြောင်း၊  ရန်ကုန်မြို့ သည် စီးပွါးရေးမြို့တော်ကြီးလည်းဖြစ်ကြောင်း၊  ရန်ကုန်တိုင်းအတွင်းတွင်  ယာဉ်ကြောပိတ်ဆို့သည့်ပြသနာများ၊ မိုးတွင်းတွင် ရေကြီးရေလျှံပြသနာများရှိကြောင်း၊  အမှိုက်စွန့်ပစ်သည့် ပြသနာများ ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလာရင် တခြားသောကြုံတွေ့နေရသည့် အခက်အခဲများ အများကြီးရှိကြောင်း အကောင်းဆုံးဖြေရှင်းသွားမည်ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းကဆိုသည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက “ဦးဖြိုးမင်းသိန်းကိုရွေးချယ်ခံရတဲ့ အတွက် ဝမ်းသာပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့က ရွေးချယ်တာဖြစ်တဲ့အတွက် လည်း လုပ်နိုင်မယ်လို့ ယူဆတဲ့ အတွက် ကျွန်တော်တို့ ထောက်ခံခဲ့တာပါ။ အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။ ကျွန်တော်တို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့လည်း အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက် သွားမှာပါ။’’ ဟုပြောသည်။

ဦီဖြိုးမင်းသိန်း၏ဆောင်ရွက်ချက်များက သက်သေပြနေ၍ NLD ပါတီသည် ၎င်းအားတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊   ၎င်းမှာ ကြားဖြတ်ရွေးကောက်ပွဲ ကစ၍ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ကြောင်း၊ ထိုက်တန်သည့်သူဖြစ်သည့်အတွက် ရွေးသည်ဟု ခံစားရကြောင်း၊  ဦးဖြိုးမင်းသိန်းအား  ဆန္ဒပြမှုများကိုကြားသိရကြောင်း၊  ပြင်းထန်သည့် ဆန္ဒပြမှုများဟု မမြင်ကြောင်း၊ ဆန္ဒထုတ်ဖော်ခြင်းသည် ဒီမိုကရေစီ၏ အနှစ်သာရ ဖြစ်ကြောင်း အန်အယ်လ်ဒီပါတီမှ အတွင်းရေးမှူးအဖွဲ့ဝင်ဦးဥာဏ်ဝင်းကပြောသည်။  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် အဖြစ် ခန့် အပ် တာဝန်ပေးခဲ့သည့် ဦးဖြိုးမင်းသိန်းသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ကိုယ်စားပြု၍ ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မဲဆန္ဒနယ် အမှတ် ၂ မှ ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရရှိခဲ့သူ တစ်ဦး ဖြစ်သည်။

(Xinhua)
http://www.xinhuamyanmar.com
ရန်ကုန်တိုင်းဒေသကြီးအတွင်း အဂတိလိုက်စားမှုတွေကင်းသည့် အစိုးရသစ်တစ်ရပ်ဖြစ်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းပြော  ရန်ကုန်တိုင်းဒေသကြီးအတွင်း အဂတိလိုက်စားမှုတွေကင်းသည့် အစိုးရသစ်တစ်ရပ်ဖြစ်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းပြော Reviewed by THITHTOOLWIN on 16:26 Rating: 5
Powered by Blogger.