ပဲခူးရိုးမချောင်းများ၌ တောမုဆိုးများ ဆင်သတ်၍ အသားရောင်းနေဟုဆို


ပဲခူးရိုးမချောင်းဖျားဒေသတောထဲတွင် တောမုဆိုးများသည် ဆင်ရိုးများအား သတ်ဖြတ်၍ အသားရောင်းချနေကြောင်း ဒေသခံများက ပြောသည်။
“၀င်းကရင်ကျေးရွာမှ ဦးကျော်ရှိန်က ရိုးမတောထဲက တောဆင်ရိုင်းတွေပါ။ ဆင်သားပေါက်လေးတွေလဲပါတယ်။ ဒီဆင်တွေက အခုလို နွေရာသီပူလာပြီဆိုရင် ရွာတွေနားကို ဆင်းလာကြတယ်။ အထူးသဖြင့်တော့ ရေရှိတဲ့ နေရာ ရိုးချောင်းတွေနား ဆည်တွေနားပေါ့၊ အခု ဆင်တွေသတ်ထားတဲ့နေရာက စလူဆည်-ရွှေလောင်းဆည်နဲ့ ၀ါးကတုတ်ဆည်သုံးခုကြားမှာ မြင်တဲ့အတိုင်းပဲ ပုတ်စော်တွေဟာ နံနေတယ်။ နောက်သတ်တဲ့နေရာကလည်း သစ်တော ကြိုးဝိုင်းထဲမှာဗျာ၊ အခုဆိုရင် ဘယ်လောက် အတင့်ရဲလာသလဲဆိုရင် ဆင်ကိုသတ်ပြီး အသားကို ရွာတွေထဲတောင် ၀င်ရောင်းလာကြတယ်။ ကျွန်တော်တို့လည်း သက်ဆိုင်ရာကို တိုင်ကြားထားပါတယ်။ သတင်းတွေလည်း ပို့ထားပါတယ်''ဟု ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ ပဲခူးမြို့နယ် ပဲခူးမြစ်ဖျားစရာ ချောင်းဖျားဒေသ ကျေးရွာများဖြစ်သည့် ဇောင်းတူ၊ ဇီးတော၊ တမာပင်၊ သံစို့ပင် စသည့်ကျေးရွာများသည် ပဲခူးရိုးမတောအစပ်တွင် တည်ရှိသော ကျေးရွာများဖြစ်ပြီး တောဆင်များရွာများအနီးသို့ ဆင်းလာရခြင်းသည် ရိုးမတောအတွင်း၌ သစ်တောဝါးတောများပြုန်းတီး၍ ဖြစ်ကြောင်း သစ်တောများပြုန်းတီးပျက်စီးရခြင်းမှာလည်း စီးပွားရေးလုပ်ငန်းရှင်များသည် သစ်ပင်များကို အလွန်အကျွံခုတ်လှဲခြင်းကြောင့်ဖြစ်ကြေင်း သစ်တောများပြုန်းတီးပျက်စီး၍ တောနေသတ္တ၀ါများ စားကျက် ပျက်သလို မြန်မာနိုင်ငံ၏ ရာသီဥတုမှာလည်း ယခုအခါ ဆိုးရွားသော ရာသီဥတုနှင့် ကြုံတွေ့နေရပြီဖြစ်သည်။ ယခင်က သစ်ပင်များ၊ ၀ါးပင်များနှင့် အုံ့ဆိုင်းနေသော တောင်များလည်း တောင်ကတုံးများဖြစ်သလို သစ်ပင် အငယ်များမှာလည်း ထင်းခုတ်ရောင်းသူများ၊ မီးသွေးဖုတ်ရောင်းသူများ၊ တောင်ယာလုပ်၍ သစ်တောများအား မီးရှို့ဖျက်ဆီးခြင်းကြောင့် ပျက်စီးပြုန်းတီးနေသည်ကို တွေ့ရသည်။

ဒေသခံကျေးရွာများမှလည်း တောဆင်ရိုင်းများဆင်းလာ၍ ညဘက်အချိန်များတွင် ရန်မူမည်ကို ကြောက်နေရသည်။ အဆိုးဆုံးမှာ ဆင်များကို ယခုလို တောမုဆိုးများမှ ဥပဒေမဲ့ပစ်သတ်နေခြင်းကြောင့် ဆင်မျိုးနွယ်များပြုန်းတီးပြီး မျိုးသုဉ်းသွားမှာ စိုးရိမ်နေရသည်။ ဆင်များသည်ရွာများသို့ဆင်းလာလျှင် အုပ်စုဖွဲ့ဆင်းလာကြောင်းလည်း ဦးကျော်စိန်မှ ပြောသည်။ ၎င်းတို့အနေနှင့် ဆင်များမျိုးမသုဉ်းရေး တောမုဆိုးများ သတ်ဖြတ်ရောင်းချနေခြင်းတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟုလည်း ပြောကြားသည်။

မိုးမြင့်လွင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ပဲခူးရိုးမချောင်းများ၌ တောမုဆိုးများ ဆင်သတ်၍ အသားရောင်းနေဟုဆို  ပဲခူးရိုးမချောင်းများ၌ တောမုဆိုးများ ဆင်သတ်၍ အသားရောင်းနေဟုဆို Reviewed by THITHTOOLWIN on 15:01 Rating: 5
Powered by Blogger.