ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တည်ထောင်ကြောင်း ဆီးရီးယား ကာ့ဒ်အဖွဲ့ကြေညာ


ဒမတ်စကတ် မတ် ၁၈

ဆီးရီးယားနိုင်ငံရှိ အဓိကကျသော ကာဒ်အုပ်စုက နိုင်ငံမြောက်ပိုင်း၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တည် ထောင်ကြောင်း ကြေညာလိုက်သည်။

ထိုသို့ကြေညာခြင်းသည် သမ္မတ ဘာရှားအယ်လ်အာဆတ်အစိုးရနှင့် အတိုက်အခံအင်အားစုများမှ တာဝန် ရှိသူများ တက်ရောက်လျက်ရှိသော ဆီးရီးယား ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အကျိုးသက်ရောက်စေနိုင်ဖွယ် ရှိသည်။ ဆီးရီးယားကာ့ဒ်တပ်ဖွဲ့များမှ ခေါင်းဆောင်များသည် မတ် ၁၇ ရက်က နိုင်ငံမြောက်ပိုင်း၌ တွေ့ဆုံ ခဲ့ကြသည်။ ကာ့ဒ်အဖွဲ့သည် ကာ့ဒ် ထိန်းချုပ်မှုအောက်ရှိ သီးခြားနယ်မြေ သုံးခုကို ပေါင်းစည်းရန်နှင့် သမ္မတ ရာထူးနှင့် လွှတ်တော်တစ်ရပ် ဖွဲ့စည်း ခြင်းအားဖြင့် ကိုယ်ပိုင်အုပ်ချုပ်မှု စတင်ရန် ဆုံးဖြတ်ခဲ့ကြောင်း အကြီး တန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဆီးရီးယားကာ့ဒ်တပ်ဖွဲ့က အရေးပါသော မြေပြင်တပ်ဖွဲ့တစ်ခုအဖြစ် ဆီးရီးယားနိုင်ငံမြောက်ပိုင်း၌ ၄င်းတို့ ၏ထိန်းချုပ်မှုကိုတိုးချဲ့လျက်ရှိသလို အိုင်အက်စ်စစ်သွေးကြွ အဖွဲ့အား တိုက်ခိုက်လျက်ရှိပြီး အနောက်နိုင်ငံ များနှင့် ရုရှားနိုင်ငံထံမှ ပံ့ပိုးမှုရရှိခဲ့သည်။ ဆီးရီးယားပြည်တွင်းစစ် အဆုံးသတ်ရန်အတွက် ကုလသမဂ္ဂ၏ကြားဝင်ဖျန်ဖြေမှုပြုလုပ်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ယခုအခါ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ ၌ ကျင်းပလျက်ရှိသည်။ အာဆတ် အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ကာ့ဒ်အုပ်စု၏ ကြေညာချက်ကို ဝေဖန်ခဲ့ပြီး ဥပဒေအရအခြေအမြစ်မရှိကြောင်း ပြောကြားလိုက်သည်။

ဆွေးနွေးပွဲများတွင် ပါဝင်သော အတိုက်အခံ အင်အားစုများက အဆိုပါလုပ်ဆောင်ချက်က ဆီးရီးယားပြည်သူများ၏ဆန္ဒကို ပျက်စီးစေကြောင်း ပြောကြားသည်။ တူရကီ အစိုးရ၏ ကန့်ကွက်မှုကြောင့် ကာ့ဒ်အဖွဲ့မှာ ငြိမ်းချမ်းရေးဆွေး နွေးမှုတွင် ပါဝင်ခြင်းမရှိပေ။ ကာ့ဒ်အဖွဲ့၏ ကြေညာချက်အပေါ် တူရကီနိုင်ငံက ယခုချိန်ထိ တရားဝင် မှတ်ချက်ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ဒေသတွင်း၌ ကာ့ဒ်အဖွဲ့၏ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းမည့် မည်သည့်လှုပ်ရှားမှုကိုမဆို ဆန့်ကျင် ခဲ့သည်။ တူရကီနိုင်ငံက နယ်စပ်ဒေသ များကို ကျော်လွန်၍ ကာ့ဒ်တပ်ဖွဲ့များ အပေါ်တိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာ နိုင်ကြောင်း လေ့လာစောင့်ကြည့် သူများက ပြောကြားသည်။

အင်န်အိတ်ခ်ျကေ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တည်ထောင်ကြောင်း ဆီးရီးယား ကာ့ဒ်အဖွဲ့ကြေညာ   ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တည်ထောင်ကြောင်း ဆီးရီးယား ကာ့ဒ်အဖွဲ့ကြေညာ Reviewed by THITHTOOLWIN on 05:58 Rating: 5
Powered by Blogger.