ယီမင်နိုင်ငံအေဒင်မြို့ရှိ ဘိုးဘွားရိပ်သာတစ်ခုအား လက်နက်ကိုင်တစ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်၊ လူ ၁၇ ဦးသေဆုံး


အေဒင် (ယီမင်) မတ် ၎

ယီမင်နိုင်ငံတောင်ဘက်ပိုင်း အေဒင်ဆိပ်ကမ်းမြို့ရှိ ဘိုးဘွားရိပ်သာတစ်ခုအား လက်နက်ကိုင်အကြမ်းဖက်တစ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အိန္ဒိယ သူနာပြု လေးဦးအပါအဝင် လူ ၁၇ ဦးသေဆုံးခဲ့ကြောင်း လုံခြုံရေးအရာရှိ တစ်ဦးက ဆင်ဟွာသတင်းဌာနသို့ပြောသည်။

လက်နက်ကိုင်လူတစ်စုက အေဒင်မြို့ ရှီခ်အိုသာမန် ခရိုင်ရှိ အဆိုပါ ဘိုးဘွားရိပ်သာ၏ ဂိတ်စောင့်များကို သေနတ်များဖြင့်ပစ်ခတ်ခဲ့ပြီးနောက် အဆောက်အအုံအား လက်နက်ကြီးများဖြင့် ဦးတည်ရာမဲ့ပစ်ခတ်ခဲ့သည်ဟု အမည်မဖော်လိုသူ ဒေသခံလုံခြုံရေးအရာရှိတစ်ဦးက ဆိုသည်။

ကနဦးသတင်းများအရ အဆိုပါပစ်ခတ်မှုကြောင့် အိန္ဒိယသူနာပြုလေးဦးအပါအဝင် လူ ၁၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဘိုးဘွားရိပ်သာပစ်ခတ်မှုတွင် ယီမင်အခြေစိုက် အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ရေးအဖွဲ့ (အိုင်အက်စ်) အဖွဲ့ဝင်များအား သံသယရှိသည်ဟု အေဒင်မြို့ အစိုးရ အဖွဲ့၏ အဆင့်မြင့်အရာရှိတစ်ဦးက ဆင်ဟွာသတင်း ဌာနသို့ ၎င်း၏မှန်းဆချက်ကို ပြောကြားခဲ့သည်။

ခရစ်ယာန်သူနာပြုအဖွဲ့က အဆိုပါဘိုးဘွားရိပ်သာအား တာဝန်ယူစီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယီမင်နိုင်ငံ၏ယာယီမြို့တော်ဖြစ်သည့် အေဒင်မြို့တွင် တရားသူကြီးများ၊ အဆင့်မြင့်လုံခြုံရေးအရာရှိများနှင့် အေဒင်အုပ်ချုပ်ရေးမှူးဟောင်းတို့အား လုပ်ကြံသတ်ဖြတ်ခဲ့ပြီးနောက် ရက်သတ္တပတ်အတွင်း ဥပဒေစိုးမိုးမှုများ ပျက်ပြားစေခဲ့သည်။

အေဒင်မြို့အပါအဝင် အိမ်နီးချင်းခရိုင်များဖြစ်သည့် လာဂ်ျနှင့်အာဗျန်တို့တွင် ဆူပူအုံကြွမှုများသည် အေဒင်မြို့သို့စစ်ဆင်ရေးဆင်နွှဲနေသည့် ဆော်ဒီဦးဆောင်သော အာရပ်ညွန့်ပေါင်းတပ်ဖွဲ့အတွက် စိန်ခေါ်မှုများပင်ဖြစ်သည်။

ဆင်ဟွာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily

ယီမင်နိုင်ငံအေဒင်မြို့ရှိ ဘိုးဘွားရိပ်သာတစ်ခုအား လက်နက်ကိုင်တစ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်၊ လူ ၁၇ ဦးသေဆုံး  ယီမင်နိုင်ငံအေဒင်မြို့ရှိ ဘိုးဘွားရိပ်သာတစ်ခုအား လက်နက်ကိုင်တစ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်၊ လူ ၁၇ ဦးသေဆုံး Reviewed by THITHTOOLWIN on 04:00 Rating: 5
Powered by Blogger.