မန္တလေးမြို့ မင်္ဂလာဈေး မီးလောင်မှုဖြစ်ပွား


မန္တလေး မတ် ၂၂

မန္တလေး ချမ်းအေးသာစံမြို့နယ် (၇၂-၇၃) လမ်းကြားနှင့် (၃ဝ-၃၁) လမ်းကြားရှိ မင်္ဂလာဈေးမှာ ယနေ့ ညနေ ၅ နာရီခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ရာသို့ ဗဟို မီးသတ်အပါအဝင် မန္တလေးခုနစ် မြို့နယ်အတွင်းရှိ မီးသတ်အစီးရေ ၇ဝ ကျော်၊ အဆင့်မြင့် မီးသတ်ယာဉ် နှစ်စီး၊ မီးသတ်အင်အား ၁၆ဝ ကျော် ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်သော်လည်း မီးလောင်မှု အင်အားမှာ level 7 ကျော်ရောက်ရှိနေသဖြင့် မီးငြှိမ်းသတ်ရာတွင် အခက်အခဲများဖြစ်ပေါ် လျက်ရှိသည်။

ကနဦးသတင်းများအရ မင်္ဂလာဈေး ပိတ်သိမ်းချိန် ဈေး၏တောင်ဘက် အခြမ်းအပေါ်ထပ်မှ စတင်လောင် ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း၊ မီးငြှိမ်း သတ်ရာတွင်လည်း မီးသတ်တပ်ဖွဲ့ များအပြင် ပြည်သူများပါ ပူးပေါင်း ပါဝင်ငြှိမ်းသတ်လျက်ရှိကြောင်း သိရသည်။

မီးလောင်ရာတွင် ဝိုင်းဝန်းငြှိမ်းသတ်နေသော မီးသတ်တပ်ဖွဲ့ဝင် ခုနစ်ဦးနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသပေးလျက်ရှိပြီး မစိုးရိမ်ရကြောင်း သိရသည်။

မီးလောင်မှုကို ညပိုင်း ၉ နာရီ ၄၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး အတွင်းပိုင်း မီးကြွင်းမီးကျန်များကို ဆက်လက် ငြှိမ်းသတ်နေဆဲဖြစ်ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားခဲ့သော မင်္ဂလာဈေးသည် မန္တလေးချမ်းအေးသာစံ မြို့နယ် ရန်မျိုးလုံရပ် အကွက်အမှတ် (၇၃၉) တွင်တည်ရှိပြီး ရတနာပုံခေတ် မူလဈေးကြီး ၂၈ ဈေးတွင် တစ်ဈေး အပါအဝင်ဖြစ်သည်။ မူလက ကျော်မိုး တံခါး (မင်္ဂလာတံခါး) အနီးရှိ ယခင် ပြည်တော်သာတိုက်တန်းဝင်းနေရာ၌ ရှိခဲ့သည်။ ထို့နောက် လက်ရှိနေရာဖြစ်သော ဆင်တော်သည်များဝင်းသို့ပြောင်းရွှေ့ခဲ့ပြီး ၁၉၄၇ ခုနှစ်တွင် မြို့ပိုင်ဦးကြင်က ကိုယ်ပိုင်ဈေးအဖြစ် ဖွင့်လှစ်ခဲ့သည်။

ထို့နောက် စည်ပင်သာယာဈေးအဖြစ် ၁၉၉၆ ခုနှစ် ဒီဇင်ဘာ ၁၈ ရက် တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၈ ခုနှစ် မတ် ၂၆ ရက်တွင် ဖွင့်လှစ်ပေးခဲ့သည်။ လက်ရှိဈေးသစ်တွင် မြေညီထပ်၌ ဆိုင်ခန်း ၃၇ဝ၊ ပထမ ထပ်၌ ၂၆၄ခန်း ၊ ဒုတိယထပ်၌ ၂၃၂ခန်းရှိကြောင်း သိရသည်။

တင်မောင်(မန်းကိုယ်ပွား)
မင်းထက်အောင်(မန်းကိုယ်ပွား)
The Mirror Daily
https://www.facebook.com/TheMirrorDaily
မန္တလေးမြို့ မင်္ဂလာဈေး မီးလောင်မှုဖြစ်ပွား  မန္တလေးမြို့ မင်္ဂလာဈေး မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 09:21 Rating: 5
Powered by Blogger.