လေးနှစ်သမီးကို ခေါင်းဖြတ်ပြီး မော်စကို လမ်းမပေါ် ခေါင်းပြတ်ကို ဝှေ့ယမ်း ဟစ်အော်ကြွေးကြော်သူ ရုရှား ကလေးထိန်း အမျိုးသမီး


လေးဘက်သွား ကလေးငယ်တဦး၏ ဖြတ်ထားသောဦးခေါင်းကို မြေအောက်ရထားဘူတာရုံတွင် ဝှေ့ယမ်းပြီး လျှောက်သွားနေသော ရုရှားနိုင်ငံ မော်စကိုမြို့မှ ကလေးထိန်းအမျိုးသမီးတဦးကို တနင်္လာနေ့က ရဲက ဖမ်းဆီး လိုက်သည်။

ယင်းအမျိုးသမီးသည် ဂျူချေရာ ဘိုဘိုကူလိုဗာဟုခေါ်သော ဥဇဘက်အမျိုးသမီးတဦးဖြစ်သည်။ အသက် (၃၀) ကျော် (၄၀) နီးပါးခန့်ရှိသည်။ သူမသည် အနက်ရောင်ဝတ်ရုံဝတ်ဆင်ပြီး အထုပ်ငယ်တထုပ်ကို ကိုင်ဆွဲ ထားကြောင်း၊ 'အာလ္လာရှင်မြတ်သည် ကြီးမြတ်ပါပေသည်' ဟူ၍ ကြွေးကြော်ကာ မိမိကိုယ်ကိုဖောက်ခွဲပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊ ယင်းနောက် သူမသည် အထုပ်ထဲမှ လေးနှစ်သမီးလေး၏ ဦးခေါင်းပြတ်ကိုထုတ်ကာ လက်ဖြင့်ဝှေ့ယမ်းခဲ့ကြောင်း ဘေးမှရပ် ကြည့်သူများက ပြောသည်။


''ငါ ဒီမိုကရေစီကို မုန်းတယ်။ ငါက အကြမ်းဖက်သမားတယောက်''ဟု ရဲက သူမကို မဖမ်းမီ အော်ဟစ်ခဲ့သည် ဟု ဆိုသည်။ ဖြစ်ရပ်မှာ ၁၅ မိနစ်သာကြာသည်။ သူမက ခြိမ်းခြောက်ခဲ့စေကာမူ ပေါက်ကွဲစေသည့် ပစ္စည်း မတွေ့ရှိခဲ့ရဟု သိရသည်။

ယင်းဖြစ်ရပ်မတိုင်မီ တရက်ကမူ အဆိုပါ ကလေးငယ်၏မိသားစုတိုက်ခန်းမှာ မီးလောင်ကျွမ်းခဲ့ပြီး ခေါင်းမပါ သော ကလေးငယ်တဦး၏ခန္ဓာကိုယ်ကို တွေ့ရှိခဲ့ကြသည်။ ကလေးထိန်း ဘိုဘိုကူလိုဗာသည် ယင်းမိသားစုထံတွင် သုံးနှစ်ကြာအလုပ် လုပ်လာခဲ့ရာ၌ ပြဿနာတစုံတရာမရှိခဲ့ဟုဆိုသည်။ ယင်းကလေးငယ်မှာ မသန်စွမ်းရောဂါ စွဲကပ်နေ၍ ဂျာမနီနိုင်ငံသို့ သွားရောက်ပြသရန် မိဘများက ပြင်ဆင်နေကြကြောင်း ပြောသည်။


အာဏာပိုင်များကမူ အဆိုပါအမျိုးသမီး၏စိတ္တဇအခြေအနေကို အကဲဖြတ်ရန် စီစဉ်နေသည်။ ရဲကမူ ကလေး ထိန်း အမျိုးသမီးသည် စိတ်ကြွဆေးများသုံးစွဲထားပုံရကြောင်း မှန်းဆပြောကြားခဲ့သည်။ ယင်းဖြစ်ရပ်အပေါ် မူတည်ပြီး ရုရှားကလေး သူငယ်အကာအကွယ်ပေးရေး အရာရှိတဦးက မိဘများအနေနှင့် ကလေးထိန်း မငှားရမ်းမီ ၎င်းကလေးထိန်းများ၏ စိတ်အခြေအနေကို အကဲဖြတ်သင့်ကြောင်းပြောသည်။ ယင်းဖြစ်ရပ်သည် အဆိုပါ ကလေးထိန်းအမျိုးသမီးက ဇန်န၀ါရီလ ၁ ရက်တွင် ဥဇဘက်ကစ္စတန်သို့ အိမ်ပြန်သွားခဲ့မှုနှင့် ဆက်စပ် မှုရှိမရှိကို အာဏာပိုင်များက စစ်ဆေးနေသည်။ တချိန်တည်းမှာပင် မော်စကိုရှိ မွတ်စလင်ဘာသာရေး ခေါင်း ဆောင်တဦးက ယင်းရက်စက်မှုဖြစ်ရပ်ကို အစ္စလာမ်ဘာသာရေးနှင့်မဆက်စပ်ကြရန် ကြေညာချက်တရပ် ထုတ်ပြန်ခဲ့သည်။ ရုရှားနိုင်ငံတွင် လူဦးရေ ၁၂ ရာခိုင်နှုန်းသည် မွတ်စလင်ဘာသာဝင်များဖြစ်ပြီး မွတ်စလင် အများစုနေထိုင်သော ဥဇဘက်ကစ္စတန်မှ ရွှေ့ပြောင်းလာသူများမှာ ရုရှားတွင် ရွှေ့ပြောင်းလုပ်သားများအနက် အများစုဖြစ်သည်။

ထွဋ်ဝင်းထွဋ်
Ref : Daily Beast
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
လေးနှစ်သမီးကို ခေါင်းဖြတ်ပြီး မော်စကို လမ်းမပေါ် ခေါင်းပြတ်ကို ဝှေ့ယမ်း ဟစ်အော်ကြွေးကြော်သူ ရုရှား ကလေးထိန်း အမျိုးသမီး  လေးနှစ်သမီးကို ခေါင်းဖြတ်ပြီး မော်စကို လမ်းမပေါ် ခေါင်းပြတ်ကို ဝှေ့ယမ်း ဟစ်အော်ကြွေးကြော်သူ ရုရှား ကလေးထိန်း အမျိုးသမီး Reviewed by THITHTOOLWIN on 13:40 Rating: 5
Powered by Blogger.