ကျောင်းသားတွေ တရားစီရင်ရေးစနစ်ကို သပိတ်မှောက်

ဗကသကျောင်းသူ မဖြိုးဖြိုးအောင် ကို သာယာဝတီမြို့နယ် တရားရုံးကို ရုံးထုတ်လာစဉ်။ Photo: RFA
သာယာဝတီအကျဉ်းထောင်မှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေက ဒီနေ့သာယာဝတီမြို့နယ်ရုံးချိန်းမှာ ရှေ့နေ ကိုယ်စားလှယ်လွှဲစာတွေကို ရုပ်သိမ်းလိုက်ပြီး မြို့နယ်တရားရုံးကို သပိတ်မှောက်လိုက်ပါတယ်။

သူတို့ကို စွဲဆိုထားတဲ့ အမှုအားလုံးကို တရားမရင်ဆိုင်တော့ဘဲ တရားစီရင်ရေးစနစ်ကို သပိတ်မှောက် တာဖြစ်တယ်လို့ ဖမ်းဆီးခံထားရတဲ့ ဗကသကျောင်းသူ မဖြိုးဖြိုးအောင် က ပြောပါတယ်။

ကျောင်းသူ ကျောင်းသားတွေက တရားမျှတမှု ရနိုင်မှာမဟုတ်ဘူးလို့ ယုံကြည်တာကြောင့် ရှေ့နေ ကိုယ်စားလှယ်လွှဲစာတွေကို ရုပ်သိမ်းလိုက်တာဖြစ်တယ်လို့ အမှုလိုက်ပေးတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင် က ပြောပါတယ်။

ဒီကနေ့ရုံးချိန်းမှာ တရားလိုပြသက်သေဖြစ်တဲ့ လက်ပံတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဟောင်း ဦးသီဟ ကို စစ်ဆေးဖို့ စီစဉ်ထားပေမယ့် ကျောင်းသား ကျောင်းသူတွေက တရားရုံးကို သပိတ်မှောက်တာကြောင့် မစစ်ဆေးဖြစ်ဘဲ လာမယ့် မတ်လ ၂၂ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်ပါတယ်။

လက်ရှိ သာယာဝတီတရားရုံးမှာ အမှုရင်ဆိုင်နေရသူ ၆၉ ဦးရှိပြီး တရားရုံးကို မတက်ရောက်နိုင်တဲ့ ၁၆ ဦးအတွက် ရှေ့နေတွေကိုယ်တိုင်က ကိုယ်စားလှယ်လွှဲစာတွေရုပ်သိမ်းဖို့ တင်ပြခဲ့တယ်လို့ သိရပါတယ်။

သာယာဝတီတရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ ကျောင်းသား၊ ကျောင်းသူနဲ့ ဝန်းရံသူတွေရဲ့ အမှုကို ဦးရောဘတ်စန်းအောင်၊ ဦးလှမျိုးမြင့်၊ ဦးဌေး၊ ဒေါ်ခင်ခင်ကျော်နဲ့ ဦးကြီးမြင့် စတဲ့ တရားလွှတ်တော်ရှေ့နေတွေက လိုက်ပါဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရုံးချိန်းတုန်းက ဆေးကုသခွင့် အာမခံလျှောက်ထားတဲ့ ကျောင်းသား ၁ ဦးနဲ့ ဝန်းရံသူ ၁ ဦး တို့ကို ဒီကနေ့ အာမခံပေးလိုက်တာကြောင့် အာမခံနဲ့ လွတ်မြောက်သူ ၂၅ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

မဖြိုးဖြိုးအောင်၊ ကိုနန္ဒစစ်အောင်နဲ့ ကိုမင်းသွေးသစ်တို့က အင်းစိန်အကျဉ်းထောင်ထံ ပြောင်းရွှေ့ပေးဖို့ တင်ပြ ထားတာကိုတော့ တရားရုံးက ဆုံးဖြတ်ပေးနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
ကျောင်းသားတွေ တရားစီရင်ရေးစနစ်ကို သပိတ်မှောက်  ကျောင်းသားတွေ တရားစီရင်ရေးစနစ်ကို သပိတ်မှောက် Reviewed by THITHTOOLWIN on 19:00 Rating: 5
Powered by Blogger.