သိန်းပေါင်းသောင်း ၈ ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို တောင်ကုတ်မှာ ဖမ်းမိ


ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် "မအီ" စုပေါင်းစစ်ဆေးရေး ဂိတ်မှာ ငွေကျပ် သိန်းပေါင်းသောင်း ၈ ထောင်ကျော် တန်ဖိုးရှိတဲ့ WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးဝါး အပြား ၄ သိန်းခွဲကို မနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်မှာ နေထိုင်သူတစ်ဦးမောင်းနှင်လာတဲ့ Hyundai အမျိုးအစား အိမ်စီးကားကို စစ်ဆေးရာမှာ စိတ်ကြွမူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း တောင်ကုတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးလူမော်က အတည်ပြုပြောပါတယ်။

"ယာဉ်မောင်း သိန်းကျော်ဆိုသူ သူ့ကားကိုစစ်တော့ ယာဉ်ပေါ်မှာ အဝါရောင် စက္ကူပါကင်နဲ့ ထုတ်ထားတယ်၊ ယာဉ်နောက်က အံဝှက်ထဲထည့်ထားတယ်၊ စိတ်ကြွဆေးပြားလို့ ယူဆရတဲ့ ဆေးပြား ၄၅ ထုတ်ဆိုတော့ ကျနော်တို့ ၄ သိန်းခွဲပေါ့၊ တစ်ပြားကို ကာလတန်ဖိုး ၄ ထောင်နဲ့တွက်ရင် ကျပ် သိန်းပေါင်းသောင်းရှစ်ထောင် လောက်ရှိတယ်၊ Hyundai အိမ်စီးကား၊ လိုင်စင်ရှိတယ်၊ သူက ကျပ်သိန်း ၁၄၀ လောက် တန်တယ်၊ နောက်ငွေစက္ကူ ၃ သိန်းပါတယ်၊ အဲ့ဒါကို ကျနော်တို့ သက်သေများ ရှေ့မှာ ရှာဖွေပုံစံနဲ့ သိမ်းတယ်"

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံ မူးယစ်နှိမ်နင်း ရေးအဖွဲ့တို့ ပူးပေါင်းပြီး တောင်ကုတ်မြို့နယ် မအီပူးပေါင်းစစ်ဆေးရေးဂိတ်မှာ မတ်လ ၇ ရက်နေ့ နေ့လည်က မူးယစ်ဆေးဝါးသယ်ဆောင်လာသူတွေကို ဖမ်းဆီးခဲ့တာဖြစ် ပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေဟာ ရန်ကုန်မြို့ကနေ ရခိုင်ပြည်နယ် အမ်းမြို့နယ်ကို သယ်ဆောင်လာတာဖြစ်ကြောင်းသိရပါတယ်။

တောင်ကုတ်မြို့နယ်မှာ ယခင်ကလည်း မူးယစ်ဆေးဝါးတွေဖမ်းဆီးရမိတာတွေရှိခဲ့ပြီး တောင်ကုတ်မြို့ သမိုင်းတစ်လျှောက် မူးယစ်ဆေးဝါးဖမ်းဆီးရမိတာဟာ မနေ့က အများဆုံးဖြစ်ကြောင်းလည်း တောင်ကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးလူမော်က ပြောပါတယ်။

အဲ့ဒီ မူးယစ်ဆေးဝါးတွေကိုသယ်ဆောင်လာတဲ့ ဦးသိန်းကျော်နဲ့ မော်တော်ယာဉ်ပေါ်မှာ ပါလာတဲ့ သူ့ရဲ့အမျိုးသမီး ဒေါ်သန္တာဦးတို့ ၂ ဦးကို မအီရဲစခန်းမှာ အမှုဖွင့်စစ်ဆေးနေ ကြောင်း သိရပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
သိန်းပေါင်းသောင်း ၈ ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို တောင်ကုတ်မှာ ဖမ်းမိ  သိန်းပေါင်းသောင်း ၈ ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို တောင်ကုတ်မှာ ဖမ်းမိ Reviewed by THITHTOOLWIN on 18:21 Rating: 5
Powered by Blogger.