သောက်ရေအိုးအတွင်း လယ်ယာသုံး ပိုးသတ်ဆေးခပ်သည့် ချွေးမဖြစ်သူအား တိုင်တန်းအမှုဖွင့်


Wednesday, 30 March 2016

စလင်းမြို့နယ် မြောက်ဇီးကုန်း ကျေးရွာနေ အမျိုးသမီးတစ်ဦးက ၄င်း၏ချွေးမဖြစ်သူအား နေအိမ်ရှိ သောက်ရေအိုးအတွင်း လယ်ယာ သုံးပိုးသတ်ဆေးခပ်ခဲ့မှုနှင့်ပတ်သက်၍ တိုင်တန်းအမှုဖွင့်ခဲ့မှု ယမန်နေ့ ကဖြစ်ပွားခဲ့ကြောင်း နယ်မြေခံ ရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဒေါ်အေးနီ မြောက်ဇီးကုန်းကျေးရွာ စလင်းမြို့နယ်နေ သူသည် ယမန်နေ့ နံနက် ၉နာရီက ယာခင်းမှ နေအိမ်သို့ပြန်ရောက်စဉ် သားဖြစ်သူ ကျော်ဇင်ဝင်း အသက်ခုနစ်နှစ်သည် နေအိမ်ရှိ သောက်ရေအိုးမှ ရေသောက်ပြီး ''အမေ ဘာစော်နံမှန်းမသိဘူး'' ဟုပြော၍ ဒေါ်အေးနီက ရေအိုး အတွင်းငုံ့ကြည့်ရာ သောက်ရေအိုး အတွင်းတွင် အဖြူရောင်အမှုန့်များ မြင်တွေ့၍ ရေပုံးအတွင်း သွန်ပြီး စစ်ဆေးရာ အမြှုပ်များထလာ သဖြင့် အိမ်နီးချင်းဒေါ်စန်းမြိုင်နှင့် ကျော်ဇင်ဝင်းတို့အား ပြသ၍ မေးမြန်းကြည့်ရာ နံနက်ပိုင်းက သောက်ရေအိုးအနီး ဒေါ်အေးနီ၏ ချွေးမဖြစ်သူ တစ်ရွာတည်းနေ မရွှေလင်း (၂၉နှစ်) လာရောက်ခဲ့ ကြောင်း ပြောပြသည်။

အဆိုပါရေများ သောက်မိ၍ မူးဝေအော့အန်သော ဒေါ်အေးနီ၏ ခင်ပွန်း ဦးသိန်းဦးနှင့် သားဖြစ်သူ ကျော်ဇင်ဝင်းတို့အား ဆင်ဖြူကျွန်း တိုက်နယ်ဆေးရုံသို့ ပို့ခဲ့ရသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လူကို သေစေရန်ကြံရွယ်၍ သောက်ရေ အိုးအတွင်း လယ်ယာသုံးပိုးသတ် ဆေးခပ်သူ မရွှေလင်းအား အရေး ယူပေးရန် ဒေါ်အေးနီက တရားလို ပြုတိုင်ကြားခဲ့သောကြောင့် စလင်း မြို့နယ်ဆင်ဖြူကျွန်းနယ်မြေရဲစခန်း မှ (ပ)၁၄/၂ဝ၁၆ ပုဒ်မ ၃ဝ၇ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ကျော်ဇေယျ(မကွေး)
The Union Daily
http://uniondaily.net
သောက်ရေအိုးအတွင်း လယ်ယာသုံး ပိုးသတ်ဆေးခပ်သည့် ချွေးမဖြစ်သူအား တိုင်တန်းအမှုဖွင့်  သောက်ရေအိုးအတွင်း လယ်ယာသုံး ပိုးသတ်ဆေးခပ်သည့် ချွေးမဖြစ်သူအား တိုင်တန်းအမှုဖွင့် Reviewed by THITHTOOLWIN on 12:05 Rating: 5
Powered by Blogger.