တောင်ကြီးမြို့တွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း အုတ်တံတိုင်းပြိုကျရာမှ (၂)ဦးသေဆုံး (၈)ဦးဒဏ်ရာရ


တောင်ကြီး၊ မတ်လ(၂) ။ ။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်(ဖရဲတောင်ရွာ) နယ်မြေ(၁၂) အောင်မြေ(၂)လမ်းတွင် မတ်လ(၂)ရက်နေ့ နေ့လယ် (၁၂)နာရီခွဲ အချိန်ခန့်က အုတ်တံတိုင်း ပြိုကျရာမှ လူ(၂)ဦး သေဆုံးပြီး (၈)ဦးဒဏ်ရာ ရရှိသွားသည်။


ကျောင်းကြီးစုရပ်ကွက်ရှိ မြေကွက်တွင် အဆောက်အဦ ဆောက်လုပ်ရန် မြေပြုပြင်သော အလုပ်သမားများသည် ယာယီမြေစိုက်တဲထိုးပြီး နားနေစဉ် ယာယီမြေစိုက်တဲပေါ်သို့ အုတ်တံတိုင်း ပြိုကျသွားသဖြင့် ယောက်ျားလေး(၂)ဦး သေဆုံးသွားပြီး မိန်းကလေး(၂)ဦး အပါအဝင် (၈)ဦးမှာ ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့က မနေ့ကမှ တောင်ကြီးကိုရောက်တာ။ နေ့လယ် ထမင်းစားနားတဲ့ အချိန်မှာဖြစ်သွားတာ"ဟု ကျောင်းကြီးစုရပ်ကွက်မှ ရပ်မိရပ်ဖဖြစ်သူ ဦးရွှေဝါက ပြောသည်။


သေဆုံးသူ(၂)ဦးမှာ အသက် (၂၈)နှစ်အရွယ် အေးသာယာမြို့မှ ကိုကျော်စိုးနှင့် အသက်(၂၁)နှစ် အရွယ် ကျောက်ပန်းတောင်းမြို့မှ ကိုကျော်သူတို့ဖြစ်ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာ ရရှိသူများမှာ မြောင်းမြမြို့၊ အေးသာယာမြို့နှင့် သန်းကုန်းကျေးရွာ မြို့သစ်မြို့တို့မှ အလုပ်လာရောက် လုပ်ကိုင်နေသူများဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဒဏ်ရာရရှိသူများမှာ တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး စိုးရိမ်ဖွယ်မရှိကြောင်းသိရသည်။

အဆိုပါ ကျောင်းကြီးစုရပ်ကွက်တွင် အုတ်တံတိုင်းပြိုကျခြင်း၊ မြေပြိုခြင်းများ ဖြစ်လေ့ရှိပြီး ၂၀၁၅ ခုနှစ်ကလည်း အုတ်တံတိုင်းပြိုကျမှုကြောင့် လူ(၅)ဦး သေဆုံးမှုဖြစ်ပွားခဲ့သည်။


ယင်းဖြစ်ပွားရာနေရာသို့ တောင်ကြီးမြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ သန္ဓေတပ်ဖွဲ့ဝင်များနှင့် အရန်တပ်ဖွဲ့ဝင်များမှ သွားရောက် ကူညီကယ်ဆယ်ခဲ့ကြပြီး သေဆုံးမှုများနှင့် ပတ်သက်၍ တောင်ကြီးမြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်(၄/၂၀၁၆)၊ (၅/၂၀၁၆)တို့ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း တောင်ကြီးမီးသတ်တပ်ဖွဲ့မှ သိရသည်။

သတင်း/ဓာတ်ပုံ ။ ။ ‪မင်းမင်း‬(တောင်ကြီး)
Tachileik News Agency
http://www.tachileik.net
တောင်ကြီးမြို့တွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း အုတ်တံတိုင်းပြိုကျရာမှ (၂)ဦးသေဆုံး (၈)ဦးဒဏ်ရာရ  တောင်ကြီးမြို့တွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း အုတ်တံတိုင်းပြိုကျရာမှ (၂)ဦးသေဆုံး (၈)ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 12:07 Rating: 5
Powered by Blogger.