ရန်ကုန်မြစ်အတွင်း စက်တပ်သမ္ဗန်တစ်စင်းတိမ်းမှောက် နှစ်ဦးပျောက်ဆုံးနေ


ရန်ကုန် မတ် ၁ဝ

ဒလမြို့နယ် ဗိုလ်ရန်ပြေရပ်ကွက် ရေကန်စက်တပ်သမ္ဗန်ဆိပ်ကမ်းတွင် ကန်တော့ပွဲပြင်ဆင်ထားသည်ကို မတ် ၁ဝ ရက် နံနက် ၁၁ နာရီခွဲက တွေ့ရသည်။

''ကျွန်တော်တို့ သမ္ဗန်ကူးတို့ဆိပ် က စက်တပ်သမ္ဗန်တစ်စင်း ဒီနေ့ နံနက် ၃ နာရီခွဲလောက်က ဆီးနှင်း ပိတ်နေတုန်း ရေတက်ချိန်မှာ နေ့စဉ် ဈေးဝယ်ကူးနေတာမှာ ကုန်စိမ်းသည် ၁၁ ဦးကို တင်ဆောင်ပြီး ရန်ကုန်ဘက် ကမ်းရှိ စဥ့်အိုးတန်းဆိပ်ကမ်းသို့ ပို့ဆောင်ပေးခဲ့ရာ ကမာကဆစ်သမ္ဗန် ဆိပ်နဲ့ စဥ့်အိုးတန်းဆိပ်ကမ်းကြားမှာ အမှတ်(၂) ရေလယ်ဗော်ရာကို ဝင်တိုက်မိလို့ တိမ်းမှောက်နစ်မြုပ် သွားပါတယ်။ မြစ်ထဲမှာ မျှောပိုက် ငါးဖမ်း စက်လှေငယ်တစ်စင်းက ကယ်ဆယ်ခဲ့လို့ ခရီးသည်ကိုးဦး ပြန်ရောက်နေပါပြီ။ နှစ်ဦးတော့ ပျောက်သွားတယ်။ ဒါကြောင့် ဆွေမျိုးမောင်နှမတွေက ဒီကမ်းမှာ ကန်တော့ပွဲ လာပြင်ထားတာပါ။ စက်တပ်သမ္ဗန်လည်း မတွေ့သေးပါ ဘူး''ဟု ရေကန်ဆိပ်ဂိတ်မှူးတစ်ဦး က ပြောသည်။

ထိုအမှုနှင့် ပတ်သက်၍ ဆိပ်ကမ်း မြို့နယ် မြို့မရဲစခန်းမှူးဒုတိယရဲမှူး တင်ထွန်း၊ ဒုတိယရဲအုပ် စိုးဦးနှင့်အဖွဲ့ သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်မြစ်အတွင်း ရေလယ်ပွိုင့် အမှတ်(၂)ကို ဝင်တိုက်ပြီး တိမ်းမှောက်နစ်မြုပ်သွားသော စက်တပ်သမ္ဗန်မှာ ရေယာဉ်မောင်း ဆန်းညွန့်(ခ) ကြက်တက် (၃၆)နှစ် (၆)လမ်း ဗိုလ်ရန်ပြေရပ်ကွက် ဒလမြို့နယ်နေသူ မောင်းနှင်သော ရေယာဉ် အမှတ်(၄/၄) ''အောင်နိုင်လွင်'' အမည်ရှိ စက်တပ်သမ္ဗန်ဖြစ်ပြီး ပျောက်ဆုံးသွားသူနှစ်ဦးမှာ ဗိုလ်ရန်ပြေရပ်ကွက်မှ ဈေးရောင်းသူ ဒေါ်ရီစန်း (၆၂)နှစ် (၂)လမ်း နေသူ နှင့် ဦးတင်ဝင်း (၅၆)နှစ် (၉)လမ်းတွင် နေသူတို့ဖြစ်ကြောင်း သိရသည်။

သန်းဌေး(ဒလ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ရန်ကုန်မြစ်အတွင်း စက်တပ်သမ္ဗန်တစ်စင်းတိမ်းမှောက် နှစ်ဦးပျောက်ဆုံးနေ  ရန်ကုန်မြစ်အတွင်း စက်တပ်သမ္ဗန်တစ်စင်းတိမ်းမှောက် နှစ်ဦးပျောက်ဆုံးနေ Reviewed by THITHTOOLWIN on 07:25 Rating: 5
Powered by Blogger.