လည်ပင်းအားဓားဖြင့်ထောက်၍ ဆွဲကြိုးလုယူသူအား အချိန်တိုအတွင်းဖမ်းမိ


မန္တလေး မတ် ၂၈

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ပြည်ကြီးပျော်ဘွယ် အနောက်ရပ်ကွက်နေ ကိုမွန်သူအောင်သည် မတ်၂၆ ရက် ည ၈ နာရီခန့်က နေအိမ်မှအပြင်သို့ ၂၃ယ/---Click-125 ဆိုင်ကယ်ဖြင့်ထွက်လာရာ အောင်နန်းရိပ်သာအနောက် ရပ်ကွက်(၂၃)လမ်း၊(၈၄)လမ်းနှင့်(၈၅)လမ်းကြား အရောက်တွင် ၄င်းနေရာအနီး၌ စူပါကပ်အစိမ်းရောင်ဆိုင်ကယ်ဖြင့် ကြိုတင် ရောက်ရှိနေသည့် လွန်ခဲ့သည့်သုံးနှစ်ကျော်ခန့်က ခင်မင်ရင်းနှီးသူ ကျော်မင်း ထွန်း(ခ)အောင်ထွန်းလင်းက ၄င်းစီးလာသောဆိုင်ကယ်အားတား၍ ရပ်ခိုင်းသဖြင့် ရပ်ပေးစဉ် ကျော်မင်းထွန်း (ခ)အောင်ထွန်းလင်းက အသင့်ပါလာသော အရှည် ၁၈ လက်မ ခန့်ရှိဓားဖြင့် ကိုမွန်သူအောင်၏လည်ပင်းအားထောက်၍ ဝတ်ဆင်ထားသော အလေးချိန် ငါးမူးသားခန့်ရှိရွှေဆွဲကြိုးအား လုယူပြီး ဆိုင်ကယ်ဖြင့်မောင်းနှင်ထွက်ပြေးခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့မရဲစခန်းမှ ရဲအုပ်မိုးဝင်းစိန်နှင့်အဖွဲ့သည် ည ၉ နာရီခန့်တွင် နယ်မြေအတွင်းစုံစမ်းရှာဖွေရာ (၃၉)လမ်း၊ (၅၄)လမ်းနှင့် (၅၅)လမ်းကြား ရဲမွန်တောင်ရပ်ကွက်မှောင်ရိပ်တွင် ကျော်မင်းထွန်း(ခ) အောင်ထွန်းလင်းအားတွေ့ရှိပြီး ၄င်းထံမှငါးမူးသားခန့်ရှိ ရွှေဆွဲကြိုးပြတ် တစ်ကုံး၊ ဓားတစ်ချောင်းတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် အမှတ်(၆)နယ်မြေ ရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မောင်ပြည်သူ(မန္တလေး)
The Mirror Daily
https://www.facebook.com/TheMirrorDaily

လည်ပင်းအားဓားဖြင့်ထောက်၍ ဆွဲကြိုးလုယူသူအား အချိန်တိုအတွင်းဖမ်းမိ  လည်ပင်းအားဓားဖြင့်ထောက်၍ ဆွဲကြိုးလုယူသူအား အချိန်တိုအတွင်းဖမ်းမိ Reviewed by THITHTOOLWIN on 13:15 Rating: 5
Powered by Blogger.