ဘိန်းစိုက်ပျိုးသူတွေ ကို ကေအိုင်အေဖမ်းသွားတယ် လို့ ပြော

ကချင်ပြည်နယ် လိုင်ဇာမြို့မှာ လုံခြုံရေးယူနေတဲ့ KIA စစ်သားနှစ်ဦးကို တွေ့ရစဉ်။ Photo: RFA
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးမြို့နယ်ခွဲမှာ ဘိန်းစိုက်ပျိုးတဲ့ ရွာသားတွေကို ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ တပ်ရင်း ၃ က မနေ့က လာရောက် ဖမ်းဆီးရာမှာ နယ်မြေခံ နယ်ခြားစောင့်တပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေ က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၁ရက်နေ့က ရွာသား ၂၇ ယောက်ကို ဖမ်းဆီးသွားပြီးနောက် မနေ့က ဒုတိယအကြိမ် လာရောက်ဖမ်းဆီးရာမှာ ကန်ပိုက်တီး နဲ့ ဆဒုံးမြို့နယ် အစပ်က ထန်းမိုခမ်းရွာအနီးမှာ တိုက်ပွဲဖြစ်ပွားတာ လို့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။

"KIA ဆဒုံးရွာနဲ့ ထန်းမိုခမ်းရွာကိုလာပြီးမှ ဘိန်းခင်းမှာရှိတဲ့လူထုတွေကို ဘိန်းစိုက်ပျိုးတယ်ဆိုပြီးမှ ဖမ်းခေါ်သွားတယ်၊ ၂ ၇ ယောက်၊ နောက်ပြီးမှ ပြန်လာပြီးမှ ကန်ပိုက်တီးမြို့နယ်နဲ့ ဆဒုံးမြို့နယ်အစပ် ထန်းမိုခမ်းနေရာမှာဖြစ်တာ၊ တိုက်ပွဲကမနေ့ကဖြစ်တယ်၊ လူတွေဖမ်းတာက ၂၁ ရက်နေ့က"

တိုက်ပွဲဖြစ်ပွားခဲ့တာ မှန်ကန်ကြောင်း ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ နဲ့ ရဲတပ်ဖွဲ့ က အတည်ပြုပါတယ်။

မြစ်ကြီးနားအခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက ကေအိုင်အေ အဖွဲ့တွေ ဘိန်းခင်းဖျက်ဖို့သွားချိန်မှာ နယ်ခြားစောင့်တပ်နဲ့ တိုက်ပွဲ ဖြစ်ခဲ့ကြောင်းနဲ့ အသေးစိတ်ကိုတော့ သူလည်း မသိရှိရသေးဘူးလို့ ပြောပါတယ်။

အဖမ်းခံရတဲ့ ရွာသား ၂၇ ယောက်ဟာ ထန်းမိုခမ်းနဲ့ ကဇုန်ရွာသားတွေဖြစ်ပြီး လီဆူ၊ လာချိတ်၊ လော်ဝေါ်စတဲ့ ကချင်မျိုးနွယ်စု တိုင်းရင်းသားတွေနဲ့ တရုတ်လူမျိုး တချို့ပါဝင်တယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေဟာ နယ်ခြားစောင့်တပ်တွေ၊ ကေအိုင်အေနဲ့ ကချင် အထူးဒေသ ၁ တပ်တွေ လှုပ်ရှားနေတဲ့ နယ်မြေ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဘိန်းစိုက်ပျိုးသူတွေ ကို ကေအိုင်အေဖမ်းသွားတယ် လို့ ပြော  ဘိန်းစိုက်ပျိုးသူတွေ ကို ကေအိုင်အေဖမ်းသွားတယ် လို့ ပြော Reviewed by THITHTOOLWIN on 18:59 Rating: 5
Powered by Blogger.