ရဲတပ်ဖွဲ့ဝင် ရိုက်နက်သဖြင့် တစ်ရက်ကြာ မေ့မြောနေသော အလုပ်သမား သေဆုံး

အရိုက်ခံရသဖြင့် မေ့မြောနေသော အလုပ်သမားကို မတ်လ ၈ ရက်နေ့ ညနေပိုင်းက စင်လုံးငှားလေယာဉ်ဖြင့် ဆေးရုံတင်ပို့စဉ်။ ဓာတ်ပုံ - ကိုဇော်/Dawei Watch
ထားဝယ်မြို့ရှိ အအေးခန်း စက်ရုံတစ်ခုတွင် အလုပ်ရှင်နှင့် အလုပ်သမား အခြေအတင်ဖြစ်ရာမှ ရဲတပ်ဖွဲ့ဝင်များကို ခေါ်ယူခဲ့ရပြီးနောက် ရဲတပ်ဖွဲ့ဝင်အချို့ ရိုက်နက်သဖြင့် မေ့မြောသွားကာ ရန်ကုန်ဆေးရုံကြီးသို့ စင်းလုံးငှားလေယာဉ်ဖြင့် တင်ပို့လိုက်ရသော အလုပ်သမားတစ်ဦးမှာ မတ်လ ၈ ရက်နေ့ ညပိုင်းက သေဆုံးသွားခဲ့ကြောင်း အလုပ်သမားများ ထံမှ သိရသည်။

အလုပ်သမားတစ်ဦး အလုပ်ချိန်ပြင်ပတွင် အရက်သောက်ပြီး စက်ရုံအတွင်း ၀င်ရောက်လာသဖြင့် အလုပ်ထုတ်မည်ဟု အလုပ်ရှင်က ပြောဆိုရာမှ အခြား အလုပ်သမားများ နှင့် အခြေအတင်ဖြစ်လာပြီး မတ်လ ၇ ရက်နေ့ ည ၈ နာရီခန့်က စက်ရုံပိုင်ရှင်က ရပ်ကွက်တာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ထံသို့ အကြောင်းကြားခဲ့ရာ လာရောက်ဖြန်ဖြေပေးခဲ့ရာ အဆင်မပြေသည့်အတွက် ရပ်ကွက်တာဝန်ရှိသူများက ရဲတပ်ဖွဲ့ထံအကြောင်းကြားခဲ့ကြောင်း အလုပ်သမားများက ပြောသည်။

ထားဝယ်မြို့နယ်ရဲမှူးနှင့်အဖွဲ့ ည ၉ နာရီခန့် ရောက်လာခဲ့ပြီး အလုပ်သမားခေါင်းဆောင်၊ စက်ရုံမန်နေဂျာ၊ စက်ရုံပိုင်ရှင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ ဆွေးနွေးညှိနှိုင်းနေကြောင်း၊ အလုပ်သမားများကို တန်းစီ၍ ထိုင်ခိုင်းထားပြီး ဆွေးနွေးနေစဉ် ည ၁၁ နာရီခန့်တွင် ထားဝယ်မြိုမရဲစခန်းမှူးနှင့်အဖွဲ့က သေနတ်များကိုင်ဆောင်ကာ ထပ်မံရောက်ရှိလာကြောင်း အလုပ်သမားများက ပြောသည်။

ရဲတပ်ဖွဲ့ဝင်များ မည်သည့်အကြောင်းကြောင့် ဒုတိယ အကြိမ် ရောက်ရှိလာသည်ကို မသိရှိရဘဲ ယင်းသို့ ရောက်လာချိန်တွင် ရဲတပ်ဖွဲ့ဝင်အချို့က သေနတ်မောင်းတင်ကာ ရဲအရာရှိတစ်ဦးက အလုပ်သမားများကို ကြိမ်းမောင်းသဖြင့် တစ်ဒါဇင်ကျော်ရှိသော အလုပ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်တို့ အကြား ပိုမိုတင်းမာလာကြောင်း အလုပ်သမားများက ဆိုသည်။

ထိုအချိန်တွင် ရဲအရာရှိတစ်ဦးက အလုပ်သမားများ အနက် နှစ်ဦးအား အချိုးမပြေဟုဆိုကာ တစ်ဦးကို ရဲတပ်ဖွဲ့က ၀င်ဆွဲချိန်တွင် အလုပ်သမားက ကြောက်လန့်တကြားရုန်းကန်သဖြင့် ရဲတပ်ဖွဲ့ဝင်များက လက်သီးဖြင့် ၀ိုင်းထိုး၊ ရာဘာတုတ်ဖြင့် ၀ိုင်းရိုက်ပြီး ယူနီဖောင်းဝတ်ဆင်ထားသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက စက်ရုံအတွင်းရှိ ၂ လက်မ ပတ်လည် သစ်သားတုတ်ဖြင့် ရိုက်လိုက်ရာ တစ်ချက်တည်းဖြင့် မေ့မျောသွားကြောင်း အလုပ်သမားများ က ပြောကြားသည်။

“ခေါင်းကိုရိုက်လိုက်ပြီး မေ့သွားမှ လက်ကိုကြိုးချည်ပြီး မြေကြီးပေါ် တရွတ်တိုက်ဆွဲသွားတာ ခွေးလိုပဲ”ဟု မျက်မြင်တွေ့ရှိသော အသက် ၃၀ ၀န်းကျင်ရှိ အအေးခန်း စက်ရုံ အလုပ်သမားက ပြောသည်။

ယင်းနောက် အခြား အလုပ်သမားတစ်ဦးကိုလည်း သေနတ်ဖြင့်ချိန်ကာ လက်ထိပ်ခတ် ၀ိုင်းရိုက်ပြီး ဒရွတ်တိုက်ဆွဲခေါ် ဖမ်းဆီးသွားကြောင်း အလုပ်သမားများက ပြောကြားသည်။

ကနဦး မေးမြန်းချက်များ အရ ဖြစ်စဉ်များမှာ အလုပ်သမားဘက်၊ အလုပ်ရှင်ဘက်နှင့် တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ဘက်တို့မှ ပြောဆိုသည့် ပုဂိုလ်အလိုက် ကွဲလွဲမှုများရှိနေသည်။

အလုပ်သမားများနှင့် အလုပ်ရှင် စကားအခြေအတင် ပြောဆိုနေစဉ် အလုပ်သမားအချို့က ခဲဖြင့် ပေါက်ရန် ကြိုးပမ်းသဖြင့် ရပ်ကွက် တာဝန်ရှိသူနှင့် မီးသတ်တပ်ဖွဲ့ဝင်များကို ခေါ်ယူခဲ့ရခြင်းဖြစ်ကြောင်း စက်ရုံမန်နေဂျာက ဆိုသည်။

ယင်းတာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များကိုလည်း အလုပ်သမားများက ရိုင်းပြစွာ ဆက်ဆံပြောဆိုခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များကို ခေါ်ယူလိုက်ရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ သွားရောက်ဖြန်ဖြေရန် ကြိုးစားရာမှ ရိုက်နက်မှု အထိဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်ခဲ့သော မြို့နယ်ရဲတပ်ဖွဲ့ကို တစ်စုံတစ်ရာ မေးမြန်းခွင့်မရသေးဘဲ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကမူ ဖြစ်စဉ်တစ်ခုလုံးတွင် ပါဝင်သူများကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

“၀င်ဖမ်းရာမှာ ပါတဲ့သူတွေအကုန်လုံးကို စစ်ဆေးပြီး ရဲစည်းကမ်းထိမ်းသိန်းရေးဥပဒေအရ အရေးယူသွားမယ်။ လိုအပ်ရင် ပြစ်မှုဆိုင်ရာ ဥပဒေအရပါ အရေးယူသွားမယ်” ဟု ၎င်းက ဆိုသည်။

ရိုက်နက် အဖမ်းခံရသော အလုပ်သမား နှစ်ဦးအနက် တစ်ဦးကို ဖမ်းဆီးထားပြီး ပြင်းထန်စွာ ဒဏ်ရာရှိသွားသော အခြားတစ်ဦးမှာ မေ့မြောသွားသဖြင့် ထားဝယ်ဆေးရုံကြီးကို တင်ပို့လိုက်ရပြီး သတိမရလာသဖြင့် မတ်လ ၈ ရက်နေ့ ညနေ ၅ နာရီခွဲတွင် စင်းလုံးငှားလေယာဉ်ဖြင့် ရန်ကုန်သို့ ပို့ဆောင်ခဲ့သည်။

ယင်းအလုပ်သမား ထားဝယ်ဆေးရုံကြီးတွင် တင်ပို့ထားချိန်အတွင်း ဒုတိယ တိုင်းရဲတပ်ဖွဲ့မှူးအပါအ၀င် ရဲအရာရှိများက အခြေအနေကို အဆက်မပြတ် လာရောက် စူးစမ်းမှုများ ရှိနေခဲ့ပြီး ယင်းနောက် စက်ရုံပိုင်ရှင်က လေယာဉ်စင်းလုံးငှားကာ ရန်ကုန်သို့ ပို့ဆောင်လိုက်ခြင်းဖြစ်သည်။

အသက် ၂၇ အရွယ်ရှိ တွံ့တေးမြို့မှ ယင်းအလုပ်သမားမှာ ထိုနေ့ ည ၉ နာရီတွင်ပင် ရန်ကုန်ဆေးရုံကြီး၌ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ ရှင်းလင်းသော အကြောင်းအချက်များ ထုတ်ပြန်နိုင်ခြင်း မရှိသေးဘဲ သက်ဆိုင်ရာ ပုဂိုလ်များကို ရဲတပ်ဖွဲ့စခန်းတွင် ဆက်လက်စစ်ဆေးဆဲ ဖြစ်ကြောင်း သတင်းရရှိသည်။

Dawei Watch
https://www.facebook.com/DaweiWatch

ရဲတပ်ဖွဲ့ဝင် ရိုက်နက်သဖြင့် တစ်ရက်ကြာ မေ့မြောနေသော အလုပ်သမား သေဆုံး  ရဲတပ်ဖွဲ့ဝင် ရိုက်နက်သဖြင့် တစ်ရက်ကြာ မေ့မြောနေသော အလုပ်သမား သေဆုံး Reviewed by THITHTOOLWIN on 10:27 Rating: 5
Powered by Blogger.