အစိုးရသစ်လက်ထက် ပြောင်းလဲဖွဲ့စည်းတော့မည့် ရန်ကုန်စည်ပင်


ပြည်ထောင်စုလွှတ်တော်မှ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ သမ္မတသစ်တဦးအဖြစ် ဦးထင်ကျော်ကို ရွေးချယ်ပေးလိုက်ပါပြီ။ နှစ်ပေါင်း(၅၀)ကျော်အတွင်း ပထမဦးဆုံးအရပ်သားတဦးအနေဖြင့် သမ္မတဖြစ် ခွင့်ရခဲ့တဲ့အတွက် ၀မ်းသာပျော်ရွှင်မိပါတယ်။ သမ္မတကြီး ဦးထင်ကျော် ဦးဆောင်မည့် ပြည်ထောင်စုအစိုးရအဖွဲ့သစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့သစ်နှင့်အတူ ကျွန်တော် တာဝန်ထမ်းဆောင်နေတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည်လည်း ပြောင်းလဲဖွဲ့စည်းတော့မှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ သက်တမ်းဟာ ၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်မှာ ကုန်ဆုံးတော့ပါမယ်။ ပုံမှန်အားဖြင့် ငါးနှစ်ဟုဆိုသော်လည်း ပြည်သူ့ရွေးချယ်ခံ ကျွန် တော်တို့ စည်ပင်ကော်မတီဝင်တွေရဲ့ တာဝန်ထမ်းဆောင်ခွင့်ကာလဟာ ၁၅ လသာရှိပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှာ ယခင် သမ္မတမှခန့်အပ်သည့် ဥက္ကဋ္ဌ (မြို့တော်ဝန်)နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှခန့်အပ်သည့် ကော်မတီဝင်လေးဦးတို့ဟာ ၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်မှာ နောင်အစိုးရမှ ခန့်အပ်မည့် မြို့တော်ဝန်နှင့်ကော်မတီဝင်လေးဦးသို့ တာဝန်ဝတ္တရားများလွှဲ ပြောင်းပေးပြီး မြို့တော်ခန်းမမှ ထွက်ခွာတော့မှာပါ။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ(၆၄)အရ ပြည်သူမှရွေးချယ်ပေးလိုက်သော ကျွန်တော်တို့မြို့တော် ကော်မတီဝင်လေးဦး၊ ခရိုင်ကော်မတီဝင် ၁၂ ဦး၊ မြို့နယ်ကော်မတီဝင် ၉၉ဦး စုစုပေါင်း ၁၁၅ ဦးသည် နောင် အစိုးရမှပြုလုပ်ပေးမည့် စည်ပင်ရွေးကောက်ပွဲအပြီး ရွေးချယ်ခြင်းခံရမည့် စည်ပင် ကော်မတီဝင် ၁၁၅ ဦးကို တာဝန်လွှဲပြောင်းပေးပြီးလျှင် မြို့တော်ခန်းမမှ ထွက်ခွာရတော့မှာပါ။ ဒါကြောင့် ကျွန်တော်တို့နောင်လာမည့် အစိုးရရဲ့စည်ပင်ရွေးကောက်ပွဲကိုစောင့်ပြီး တာဝန်လွှဲပြောင်းပေးဖို့ အဆင်သင့် လုပ်ထားပါတယ်။

ကျွန်တော်ထမ်းဆောင်ခဲ့ရတဲ့၊ လုပ်ခွင့်ရခဲ့တဲ့ ကာလအ တွင်းမှာ ရန်ကုန်မြို့တော်ကြီးနှင့် ကျွန်တော့်ပြည်သူတွေအတွက် အစွမ်းကုန်ဆောင်ရွက်ခဲ့ပြီးပါပြီ။ နောက်တက်လာမယ့် မြို့တော်ဝန်နှင့်တကွ ကော်မတီဝင်များအားလုံးအတွက်လည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးလုပ်ငန်းများကို မြို့တော်နေပြည် သူများအတွက် အကောင်းဆုံးဆောင်ရွက်နိုင်အောင် စီစဉ်ထားပါတယ်။ ကူညီဖို့လည်း အဆင်သင့်ပါ။
ပြည်သူအတွက်၊ အများအတွက် မှန်တယ်လို့ဆုံးဖြတ်ပြီး ရင် ရဲရဲတင်းတင်း၊ အကြောက် တရားမဲ့လုပ်ခဲ့တဲ့အတွက် ကျွန်တော်ဘယ်တော့မှ နောင်တရမှာ မဟုတ်ပါဘူး။

ဒီအတွက် ဆုံးရှုံးနစ်နာသူများကိုလည်း စီးပွားရေးလုပ်ငန်းရှင်အချင်းချင်း ကိုယ်ချင်းစာပါတယ်။ စီးပွားဆိုတာ ရိုးဖြောင့်ရင် ရှာလို့ရပါတယ်။ တည်မြဲပါတယ်။ ဖျက်ဆီးလို့မရပါဘူး။ ယနေ့ ဒီမိုကရေစီနိုင်ငံသစ်အတွက် အစိုးရသစ်တရပ်တော့ ပြောင်းလဲတော့မှာပါ။ အစိုးရသာ အပြောင်းအလဲလုပ်ရုံနှင့် ကျွန်တော်တို့မျှော်မှန်း တဲ့နိုင်ငံတခုဆီသို့ မရောက်နိုင်သေးပါဘူး။ ကျွန်တော်တို့ ပြည်သူတွေ အချင်းချင်း ၀ီရိယချင်းပြိုင်ရပါမယ်။ ရိုးသားဖြူစင်မှုချင်းလည်း ပြိုင်ရပါမယ်။ စည်းကမ်းသေ၀ပ်မှုချင်းလည်း ပြိုင်ရပါမယ်။ အမှန်တရားအတွက် လုပ်ရဲတဲ့သတ္တိချင်းလည်း ပြိုင်ရပါမယ်။ သစ္စာတရားနှင့် ကျေးဇူးတရား စောင့်သိမှုချင်းလည်း ပြိုင်ရပါမယ်။ ချမ်းသာကြွယ်ဝမှု၊ ပညာတတ်မှု၊ အာဏာပိုင်ဆိုင်မှုတို့ ပြိုင်မည့်အစား မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုတဲ့ ဗြဟ္မစိုရ်တရားလက်ဝယ်ပိုင်ဆိုင်မှုချင်း ပြိုင်ဆိုင်ဖို့လိုအပ်ပါတယ်လို့ ပြောချင်ပါတယ်။

သေနတ်ပြောင်းဝမှာတည်တဲ့အာဏာ ပေးနိုင်မှရတဲ့ အာဏာ၊ အရှက်တရားမဲ့ တောင်းယူတဲ့အာဏာ၊ ဆန်ပေးမှဆီရတဲ့ အာဏာ၊ ဒီလို နည်းနဲ့ရမယ့် ရာထူး၊ အာဏာမျိုး ရွံ့မုန်းလှပါတယ်။ ပြည်သူက ထိုက်တန် လို့ပေးအပ်တဲ့ စည်ပင်ကော်မတီဝင်လူကြီးတဦး ရာထူးအနေဖြင့် တာဝန်ယူစဉ်ကာလအတွင်းမှာ လုပ်ခဲ့သမျှ ဥပဒေမဲ့၊ တာဝန်မဲ့ ဘာမှမလုပ်ခဲ့ပါဘူး။ အမုန်းတရား၊ အာဃာတတရားနဲ့ လက်စားချေလိုတဲ့ ပရမ်းပတာ နည်းနဲ့လည်း မကျင့်သုံးခဲ့ပါဘူး။ မကျေနပ်လို့ တုံ့ပြန်ကြမယ်ဆိုရင် ၀ဋ်တရားသဘောလို့ ရှုမှတ်၍ ခံလိုက်ပါမယ်။

ဦးခင်လှိုင်(ဇောတိက)
၂၀၁၆ ခုနှစ်၊ မတ်လ၊ (၁၅) ရက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
အစိုးရသစ်လက်ထက် ပြောင်းလဲဖွဲ့စည်းတော့မည့် ရန်ကုန်စည်ပင်  အစိုးရသစ်လက်ထက် ပြောင်းလဲဖွဲ့စည်းတော့မည့် ရန်ကုန်စည်ပင် Reviewed by THITHTOOLWIN on 14:10 Rating: 5
Powered by Blogger.