၂ နှစ်အတွင်း မလေး ဝန်ကြီးချုပ်ဘဏ်ထဲ ဒေါ်လာ သန်း ၁၀၀၀ ဝင်

မလေးရှား ဝန်ကြီးချုပ် Najib Razak နဲ့ ဇနီးသည် Rosmah Mansor (Credit: AFP) 
မလေးရှားနိုင်ငံ ​ဝန်ကြီးချုပ် ​Najib ​Razak ​ရဲ့ ​ဘဏ်အကောင့်ထဲမှာ ​နှစ်နှစ်အတွင်း ​ဒေါ်လာ ​သန်း ​တစ်ထောင် ​ဒါမှမဟုတ် ​မလေးရှား ​ရင်းဂစ် ​၃၃၂၀၆၇၀ ​ရင်းဂစ်လောက် ​ဝင်ရောက်လာတယ်လို့  ​ABC ​က ​စုံစမ်းသိရှိခဲ့ရပါတယ်။

သြစတြေးလျနိုင်ငံက ​ANZ ​ဘဏ် ​တစိတ်တပိုင်းပိုင်တဲ့ ​မလေးရှားနိုင်ငံက ​AmBank ​ထဲကို ​ငွေတွေ ​အချိန်တိုအတွင်း ​အများအပြား ​ဝင်ရောက်လာတဲ့အတွက် ​မလေးရှား ​ဝန်ကြီးချုပ်ဟာ ​ငွေမည်းကို ​ငွေဖြူ ​ဖြစ်အောင် ​လုပ်နေတာလားဆိုပြီး ​ဘဏ်တွေက ​ဂရုတစိုက် ​စောင့်ကြည့်လာတာ ​ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ရဲ့ ​ဘဏ်အကောင့် ​ကုတ်နာမည်ကတော့ ​Mr ​X ​ဖြစ်ပြီး ​နှစ်နှစ်အတွင်းမှာ ​အမေရိကန် ​ဒေါ်လာ ​တစ်ဘီလီယံ ​(သန်းတစ်ထောင်) ​လောက် ​ဝင်ရောက်တာကို ​တွေ့ရှိရတာ ​ဖြစ်ပါတယ်။

မလေးရှား ​ဝန်ကြီးချုပ်ရဲ့ ​တစ်နှစ်စာ ​ဝင်ငွေက ​သြစတြေးလျ ​ဒေါ်လာ ​တစ်သိန်းကျော်သာ ​ရှိပေမယ့် ​မလေးရှားဝန်ကြီးချုပ်ရဲ့ ​ကတော် ​Rosmah ​Mansor ​ကတော့ ​ဒီဇိုင်နာ ​အိတ်တွေ၊ ​အဖိုးတန် ​စိန်တွေနဲ့ ​တခြား ​ဈေးများတဲ့ ​ဇိမ်ခံ ​ပစ္စည်းတွေကို ​ဝယ်ယူ ​သုံးစွဲတာကိုလည်း ​သတိထားမိကြတာ ​ဖြစ်ပါတယ်။

ဒါ့အပြင် ​ဇိမ်ခံ ​ဟိုတယ်တွေ၊ ​အကောင်းစား ​ကားတွေအတွက် ​ငွေတွေ ​သုံးခဲ့သလို ​နိုင်ငံရေး ​လုပ်ငန်းမှာလည်း ​သုံးစွဲခဲ့တာကို ​တွေ့ရှိခဲ့ကြပါတယ်။

မလေးရှား ​ဝန်ကြီးချုပ်ရဲ့ ​ဘဏ်အကောင့်ထဲကို ​ငွေလွဲပေးတာက ​Saudi ​Arabia ​အစိုးရ ​ဘဏ်အကောင့်တွေ ​ပါဝင်သလို ​ဆော်ဒီ ​မင်းသား ​တစ်ယောက်နဲ့ ​British ​Virgin ​Island ​က ​ကုမ္ပဏီတွေလည်း ​ပါဝင်ခဲ့ပါတယ်။

မလေးရှား ​ဝန်ကြီးချုပ်ကို ​ရေးသားတဲ့ ​ဆော်ဒီ ​အာရေးဗီးယား ​နိုင်ငံက ​မင်းသား ​တစ်ယောက်ဆီက ​စာထဲမှာတော့ ​အစ္စလာမ် ​ဘာသာ ​ဖွံ့ဖြိုးတိုးတက်ရေးအတွက် ​ရည်ရွယ်ပြီး ​လက်ဆောင်ပေးတဲ့အကြောင်း၊ ​လာဒ်ထိုးတာဟာ ​အစ္စလာမ် ​ဘာသာနဲ့ ​ဆန့်ကျင်တာကြောင့် ​ဒါဟာ ​လာဒ်ထိုးတာ ​မဟုတ်ပဲ ​လက်ဆောင်ပေးရုံသာ ​ဖြစ်တယ်ဆိုပြီး ​ရေးသားထားပါတယ်။

ABC ​သတင်းဌာနရဲ့ ​Four ​Corners ​အစီအစဉ်က ​မလေးရှား ​ဝန်ကြီးချုပ်က ​အဂတိ ​လိုက်စားမှုတွေ ​လုပ်နေတယ် ​ဆိုတဲ့ ​သတင်းကို ​လိုက်ရင်း ​မလေးရှားနိုင်ငံမှာ ​ခေတ္တ ​ဖမ်းဆီးခံခဲ့ရပါတယ်။

ဒီကိစ္စကို ​စုံစမ်းနေတဲ့ ​ABC ​သတင်းဌာနက ​သတင်းထောက် ​Linton ​Besser ​နဲ့ ​Louie ​Eroglu ​ကို ​မလေးရှား ​အာဏာပိုင်တွေက ​ဖမ်းဆီးပြီး ​နောက်ပိုင်းမှာ ​ပြည်နှင်ဒဏ် ​ပေးခဲ့တာ ​ဖြစ်ပါတယ်။

အဲဒီ ​သတင်းထောက်တွေ ​ပြန်လာပြီးတဲ့နောက် ​မနေ့ညတုန်းကပဲ ​ABC ​ရုပ်မြင်သံကြား ​အစီအစဉ်မှာ ​မလေးရှား ​ဝန်ကြီးချုပ်ရဲ့ ​ဘဏ်ထဲ ​ငွေတွေ ​အများအပြား ​ရှိနေတဲ့အကြောင်းကို ​ထုတ်လွှင့်ပြသခဲ့ပါတယ်။

အခုလောလောဆယ် ​မလေးရှား ​အစိုးရဘက်က ​အေဘီစီ ​Four ​Cornor ​က ​ထုတ်လွှင့်တဲ့ ​State ​of ​Fear ​အစီအစဉ်နဲ့ ​ပတ်သက်ပြီး ​တုန့်ပြန်မှု ​လုပ်ထားတာ ​မတွေ့ရသေးပါဘူး။

Exclusive by Linton Besser, Elise Worthington and Jaya Balendra
ABC Radio Australia
http://www.radioaustralia.net.au/burmese
၂ နှစ်အတွင်း မလေး ဝန်ကြီးချုပ်ဘဏ်ထဲ ဒေါ်လာ သန်း ၁၀၀၀ ဝင်  ၂ နှစ်အတွင်း မလေး ဝန်ကြီးချုပ်ဘဏ်ထဲ ဒေါ်လာ သန်း ၁၀၀၀ ဝင် Reviewed by THITHTOOLWIN on 13:10 Rating: 5
Powered by Blogger.